ချယ်ဆီးထံ ပြန်သွားမယ့် သတင်းတွေ ခဏခဏ ထွက်နေတာကို နားမလည်နိုင် ဖြစ်နေရတဲ့ အီဒင်ဟာဇက်

တချိန်က ချယ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ် ကြယ်ပွင့် တစ်ဦး ဖြစ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ရောက်တဲ့နောက် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ အီဒင်ဟာဇက် က ချယ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေတဲံ အပေါ် နားမလည်နိုင် ဖြစ်နေပါတယ်။

ဟာဇက်က လတ်တလော စပိန် မာကာ သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချယ်ဆီးနဲ့ သတင်းတွေ၊ ရီးရဲလ်နဲ့ အလားအလာ အကြောင်းတွေ ဆွေးနွေး ပြောဆိုထားပါတယ်။

” ချယ်ဆီး လား။ ကျနော် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ဖို့ ချယ်ဆီး ပြန်သွားဖို့ဆိုတာ ဘယ်လိုမှ မနီးစပ်ဖူးတဲ့ ကိစ္စတွေပါ။ ချယ်ဆီးကလည်း ကျနော့်ကို တခါမှ မခေါ်ဖူးပါဘူး။ ဒါပေမယ့် ချယ်ဆီး ပြန်သွားဖို့ သတင်းတွေက ဘာလို့ အမြဲ ထွက်နေသလဲမသိဘူး။ တကယ်ကို နားမလည်နိုင်အောင်ပဲ။ ” လို့ ဟာဇက်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောလာခဲ့တာပါ။

ဒဏ်ရာတွေကြောင့် ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့် သိပ်မရတဲ့ အပေါ် ဟာဇက်က –

” ချယ်ဆီးနဲ့ အတူ ၁ဝ နှစ်တာ ရှိခဲ့တုန်းက ဒဏ်ရာတွေ ဘာတွေ မရှိဘဲ ပွဲ ၅ဝဝ လောက် ကစားခဲ့တယ်။ ဒီရောက်တဲ့ ၂နှစ် အတွင်းမှာတော့ ရလိုက်တဲ့ ဒဏ်ရာတွေ ဆိုတာ.. ဒါကလည်း ကျနော် ရှင်းမပြတတ်တဲ့ ကိစ္စပါပဲ။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဟာဇက်က နောက်နှစ် နွေမှာ အသင်းပြောင်းတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ရာသီဝက် ကာလ၊ လာမယ့် ဇန်နဝါရီမှာတော့ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

” ကျနော် ဒီ ဇန်နဝါရီမှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်မှာ မိသားစုကလည်း ရှိသေးတယ်၊ ဒီမြို့ကိုလည်း သဘောကျတယ်။

ဒါပေမယ့် နွေမှာတော့ ဖြစ်ရင် ဖြစ်လာမှာပေါ့။ ဒါက ကလပ်အသင်းပေါ်လည်း မူတည်ပါတယ်။ သူတို့က ကျနော့်ကို သွားစေချင်ရင် ကျနော် လက်ခံရမှာပါ။ အခုကတော့ ရီးရဲလ်မက်ဒရစ် အတွက်ပဲ အာရုံစိုက်ထားတယ်။ ရီးရဲလ်မှာ ကျနော် ကစားချင်ပါတယ်။ ကစားသမားကောင်း တစ်ယောက် ဖြစ်ကြောင်း ပြချင်ပါတယ်။ ” လို့ ဟာဇက်က ပြောဆိုခဲ့ပါတယ်။