လက်ရှိ မန်ချက်စတာ ယူနိုက်တက် ကစားသမား ၃ ယောက်ကို ရွေးထုတ် ချီးကျူးခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပီးယာ့ဇ် မော်ဂန်တို့ရဲ့ အင်တာဗျူး ဗီဒီယိုတွေကတော့ ပိုမို ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ မနေ့ညက ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေထဲမှာ ပေါ်တူဂီသားက အသင်း လူငယ် ကစားသမားတွေနဲ့ သူ သဘောကျမိတဲ့ လက်ရှိ အသင်းသားတွေ အကြောင်း ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုက ယူနိုက်တက် အကယ်ဒမီ ကစားသမားတွေတင်မက ဘောလုံးကမ္ဘာက လူငယ် ကစားသမားတွေဟာ သူတို့ ခေတ်နဲ့ မတူဘဲ နည်းပညာတွေ တိုးတက်လာပြီး အာရုံပြန့်လွင့်စရာလည်း များတာကြောင့် သူ့လို အသက် ၃၆၊ ၃၇ ထိ ကစားသွားကြဖို့ ခဲယဉ်းမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိ ဘောလုံးလောကမှ ထူးချွန်စွာ လုပ်ဆောင်ပြနေတဲ့ လူငယ် ကစားသမားလေးတွေကို ရွေးချယ်ဖို့ ပီးယာ့ဇ် မော်ဂန်က မေးခွန်းထုတ်ခဲ့ရာ ရော်နယ်ဒိုက အခုလို ဖြေကြားခဲ့ပါတယ်။

” မန်ချက်စတာ ယူနိုက်တက်မှာ ဆိုရင်တော့ ကျနော် ဒီယေဂို ဒါလော့ ကို ထည့် ပြောလို့ရမယ်။ သူက ငယ်ရွယ်သေးတယ်။

သူက သိပ်ကို ပရော်ဖက်ရှင်နယ် ဆန်တဲ့သူပါ။ ဒါပေမယ့် ဘောလုံးလောကမှာ အကြာကြီး ကစားသွားနိုင်ဦးမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်။ သူက ငယ်ရွယ်တယ်၊ ပါးနပ်တယ်၊ ဉာဏ်ကောင်းတယ်၊ ပရိုပီသတယ်။

ဒါလော့ အပြင် ဆိုရင် မာတီနက်ဇ် ကိုလည်း ပြောရမယ် ထင်တယ်။ ကပ်စ်မဲရိုးကလည်း အသက် ၃ဝ ထဲ ရောက်လာပြီ ဆိုတော့။ ဒါပေမယ့် ဒါလော့ကိုတော့ ထည့်ကို ပြောရမှာပါ။ ” လို့ ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ပေါ်တူဂီသားချင်းလည်း ဖြစ်တဲ့ ဒါလော့ကို အတော်သဘောကျပုံ ရခဲ့ပြီး ဒါလော့ကလည်း ယခင် နည်းပြတွေ ရှိစဉ်က မျက်နှာသာပေးခြင်း မခံရပေမယ့် လက်ရှိ နည်းပြ တန်ဟက် ဦးစားပေး ပွဲထုတ်လာရသည်ထိ ကြိုးစား စွမ်းဆောင်ပြထားတာပါ။