ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားလုံးကို ဆပ်ပရိုက်တိုက်ဦးမယ့် အာဆင်နယ် အသင်းသား အား ဆီဗက်စတြာ ဖော်ထုတ်

လက်ရှိ စတင်တော့မယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အားလုံးကို အံ့အားသင့်သွားစေနိုင်တဲ့ အာဆင်နယ် ကစားသမား တစ်ဦး ကို ပရီးမီးယားလိဂ် ခံစစ်မှုးဟောင်းကြီး ဆီဗက်စတြာ က ရွေးချယ် သုံးသပ်သွားခဲ့ပါတယ် ဆီဗက်စတြာ က မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

၎င်း ရွေးချယ်ခဲ့တဲ့ ဂန်းနားအသင်းသားကတော့ အသက် ၂၁ နှစ် အရွယ် အာဆင်နယ် ခံစစ်မှုး ဝီလီယံ ဆာလီဘာ ပဲ ဖြစ်ပါတယ်။ ဆာလီဘာက ဒီရာသီ ဇယားထိပ် ရောက်နေတဲ့ အာဆင်နယ် အသင်းမှာ အဓိက အသင်းသား တစ်ဦးလည်း ဖြစ်ပါတယ်။

အထင်ကြီးလောက်ဖွယ် ခြေစွမ်းများကြောင့်လည်း ဆာလီဘာ က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ပြင်သစ် အသင်းမှာ ရွေးချယ် ခံလိုက်ရတာ ဖြစ်ပြီး အဖွင့်ပွဲ ဖြစ်တဲ့ သြစတေးလျနဲ့ ပွဲမှာ ကင်ပန်ဘီ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန် ပွဲထွက်ကနေ ပါဝင် ကစားရဖို့ ရှိနေပါတယ်။

ကမ္ဘာ့ဖလားမှာ တောက်ပလာနိုင်တဲ့ အာဆင်နယ် ကစားသမား ဘယ်သူ ဖြစ်နိုင်မလဲ အမေးကို ဆီဗက်စတြာ က

” ဆာလီဘာ ဖြစ်မယ် ထင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အခု ကင်ပန်ဘီက မပါနိုင်တော့ဘူး။ ဒီတော့ ဆာလီဘာက ဗာရန်းနဲ့ အတူ တွဲ ကစားဖို့ အခွင့်ကောင်း ရလိမ့်မယ်။ ဒါက သူ့ရဲ့ ဘောလုံးရာသီကိုလည်း စဉ်ဆက်မပြတ် ခရီးဆက်နိုင်မယ့် ကိစ္စပါ။

သူက ပရီးမီးယားလိဂ်မှာ သူ ပြသနေတဲ့ ခြေစွမ်း အဆင့်အတန်းမျိုး ထုတ်ပြပြီး အားလုံးကို ကြီးစွာ အံ့အားသင့် စေနိုင်လိမ့်မယ် လို့ ကျနော် ထင်တယ်။ ” လို့ သုံးသပ်သွားခဲ့ပါတယ်။

ဆီဗက်စတြာ ကပဲ ပြင်သစ်အသင်းဟာ အတွေ့အကြုံရှိ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်တာတွေ ရှိနေလို့ ဒီနှစ် ကမ္ဘာ့ဖလား ဗိုလ်စွဲဖို့ အခွင့်အလမ်း နည်းသွားနိုင်ကြောင်း၊ ပြောရခက်သွားကြောင်း သုံးသပ်ထားပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်းမှာ ပေါ့ဘာ၊ ကန်တေနဲ့ ကင်ပန်ဘီ တို့ မပါဝင်နိုင်ဘူး ဖြစ်နေပါတယ်။ ဒီ ၃ ယောက်လုံးက ပြင်သစ် ဗိုလ်စွဲခဲ့တဲ့ ၂၀၁၈ ဖိုင်နယ်မှာ ပွဲထွက် ကစားခဲ့သူတွေပါ။