ရော်နယ်ဒိုနဲ့ ပတ်သတ်ပြီး သဘောထား တစ်ခုတည်း ဖြစ်နေကြတဲ့ မန်ချက်စတာ ယူနိုက်တက် လက်ရှိ အသင်းသားများ

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အင်တာဗျူး ထွက်ပေါ်လာပြီးနောက် ပေါ်တူဂီသား အပေါ် မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေကတော့ မလိုလားတော့တဲ့ သဘောထား တစ်ခုတည်း ရပ်တည်ကုန်ကြပြီ လို့ မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြသွားပါတယ်။

ယူနိုက်တက် ကစားသမား အများစုက စီ ရော်နယ်ဒိုဟာ ဒီကလပ် အသင်းအတွက် ဘယ်တော့မှ ပြန် မကစားသင့်တော့ဘူးလို့ ယုံကြည်နေကြပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ညနေခင်း သတင်း အဆိုအရ ယူနိုက်တက် အသင်းသားတွေဟာ ရော်နယ်ဒို ကို ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာသွားစေလိုနေကြပါတယ်။

ရော်နယ်ဒိုရဲ့ အနှုတ်သဘောဆန်တဲ့ အပြုအမူ အပြောဆိုတွေက World Cup break မတိုင်ခင် ဖူလ်ဟမ်ကို နိုင်ခဲ့တာကဲ့သို့ အသင်းရဲ့ ကောင်းမွန်တဲ့ ကိစ္စတွေကိုတောင် အရိပ်မည်း လွှမ်းမိုးသွားစေခဲ့တယ် လို့ အသင်းသားတွေ က ယူဆထားကြပါတယ်။

ရော်နယ်ဒိုရဲ့ ပွဲဆူစေတဲ့ အင်တာဗျူး ဗီဒီယိုတွေဟာ ယူနိုက်တက် ဖူလ်ဟမ်ကို နိုင်ပြီး လန်ဒန်ကနေ ပြန်လာတဲ့ အသင်း ဘတ်စ်ကားပေါ်မှာ ကစားသမားတွေ ရှိနေချိန် ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။

ပေါ်တူဂီသားဘက်က မကြာခဏ ကာကွယ်ပြောဆိုပေးလေ့ ရှိတဲ့ အသင်းဖော်ဟောင်းတွေကလည်း ဒီတကြိမ်မှာတော့ ဖေးမ ပြောဆိုခြင်း မပြုနိုင်တော့ဘဲ ရော်နယ်ဒိုနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ဇာတ်လမ်းက အရုပ်ဆိုး အကျည်းတန်စွာပဲ နိဂုံးချုပ်ရဖွယ် ရှိနေပါတယ်။