ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက် အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေချင်ပါတယ် လို့ ရော်နယ်ဒို ပြောဆို

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်ဒို က ဒီရာသီ မန်ချက်စတာကလပ်ရဲ့ သမိုင်း တလျောက် ခါးသီး ပြိုင်ဘက် အာဆင်နယ် ပရီးမီးယားလိဂ် ဖလား ရသွားစေချင်ပါတယ် လို့ နောက်ထပ် ထွက်ပေါ်လာတဲ့ အင်တာဗျူးထဲမှာ ပြောဆိုထားခဲ့တာကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။

ပီးယာ့ဇ် မော်ဂန်နဲ့ အထူး အင်တာဗျူး ဖြေကြားပြီးတဲ့နောက် ဒီတပတ်ထဲ သတင်းခေါင်းစီးတွေမှာ ရော်နယ်ဒို ကသာ နေရာ ယူနေခဲ့တာပါ။

ကြာသပတေးနေ့ညက ရော်နယ်ဒိုရဲ့ အင်တာဗျူး ဒုတိယပိုင်း ထပ်မံ ထွက်ပေါ်လာရာ အာဆင်နယ် ပရိသတ် မော်ဂန်ရဲ့ မေးခွန်းတွေကို ပေါ်တူဂီသားက ပေါ့ပေါ့ပါးပါး ဖြေကြားထားတာတွေ ပါဝင်နေပြီး အာဆင်နယ် ပရီးမီးယားလိဂ် ဖလား ရမလား ဆိုတဲ့ ကိစ္စပါ ပါဝင်လာခဲ့ပါတယ်။

World Cup break မှာ အာဆင်နယ်က အမှတ်ပေးဇယား အဆင့် ၁ မှာ နေရာ ယူထားပြီး အဆင့် ၂ က မန်စီးတီး အား ၅ မှတ်ထိ ဖြတ်ထားကာ ရာသီဝက် ချန်ပီယံ ဖြစ်ထားပါတယ်။

အာဆင်နယ် က လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် ထက် ၁၁ မှတ် အသာ ရထားပြီး ဒီရာသီ ဂန်းနားတွေကို အနိုင်ယူထားနိုင်တဲ့ တစ်သင်းတည်းသော အသင်းကလည်း ယူနိုက်တက်သာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကလည်း ဆာအဲလက်စ် သူ့ကို မခေါ်ခင်က အာဆင်နယ် ရောက်ဖို့ နီးစပ်ခဲ့ဖူးပြီး ထိုစဉ်က နည်းပြ အာဆင်ဝင်းဂါးနဲ့ ကြယ်ပွင့် တိုက်စစ်မှုး အွန်နရီတို့နဲ့ပါ လန်ဒန်မှာ ဆွေးနွေးမှုတွေ လုပ်ခဲ့ဖူးပါတယ်။

မော်ဂန်က အာဆင်နယ် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေချင်သလား အမေးကို ရော်နယ်ဒိုက အခုလို တုန့်ပြန်ခဲ့တာပါ။

” ရပါစေ မျှော်လင့်ပါတယ်။ ဒါပေမယ့် မန်ချက်စတာကတော့ အရင် ပေါ့ဗျာ။ မန်ချက်စတာ မဖြစ်နိုင်ရင်တော့ အာဆင်နယ် က ကျနော် ရစေချင်တဲ့ အသင်းပါ။ အဲဒီအသင်းကို ကျနော် သဘောကျတယ်။ နည်းပြကိုလည်း သဘောကျတယ်။

သူတို့က အသင်းကောင်းပါ။ မန်ချက်စတာ ယူနိုက်တက် ပရီးမီးယားလိဂ် မရရင်တော့ အာဆင်နယ် ရသွားရင် ကျနော် ပျော်ရွှင်နိုင်ပါတယ်။” လို့ ရော်နယ်ဒိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။