ချယ်ဆီးရဲ့ ပြီးခဲ့တဲ့ နွေက ခေါ်ယူမှုတွေ စိတ်ပျက်စရာကောင်းကြောင်း ထောက်ပြလာတဲ့ ဝီလျံ ဂါးလက်စ်

ချယ်ဆီး နောက်ခံလူဟောင်းကြီး ဝီလျံ ဂါးလက်စ် ကတော့ ပြီးခဲ့တဲ့ နွေက အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေက အလုပ်မဖြစ်ဘဲ စိတ်ပျက်စရာ ကောင်းလှကြောင်း ထောက်ပြသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ နွေမှာ ပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ပြီးနောက် ကစားသမား ခေါ်ယူမှုတွေ ကသောကမြော နိုင်ခဲ့ပြီး အပြောင်းအရွှေ့ ပိတ်ပြီး မကြာခင်မှာပဲ နည်းပြ တူချယ်ကလည်း ထုတ်ပယ်ခံခဲ့ရတာပါ။

ဝီလျံ ဂါးလက်စ်က ” ကျနော် တော်တော်ကြီး စိတ်ပျက်မိတယ်။ လက်ရှိ ချယ်ဆီး ရောက်နေတဲ့ အနေအထားကလည်း အတော်ကြီး စိတ်ပျက်စရာပါ။ သူတို့က ဘာရလဒ်ကောင်းမှကို မယူနိုင်ဘူး ဖြစ်နေတယ်။

အသင်းက ပြီးခဲ့တဲ့ နွေဈေးကွက်က ခေါ်ယူမှုတွေနဲ့ နည်းပြ တူချယ် ထုတ်ခံရပြီး နောက်ပိုင်း ဘာဗျူဟာမှ မရှိတော့တာကြောင့် ခံစားနေရတယ်လို့ ကျနော် ထင်တယ်။ သူတို့ နွေတုန်းက ပိုက်ဆံ အတော် သုံးခဲ့တာ။

သူတို့ ခေါ်ခဲ့တဲ့ ကစားသမားတွေက ထင်ထားတာထက် နိမ့်တဲ့ လယ်ဗယ်ပဲ ကစားပြနေတယ်။ ဝက်စ်လေ ဖိုဖာနာက ဒဏ်ရာ ရနေတယ်။ ဒါပေမယ့် ကျနော်တို့ အားလုံး သူ့ ဒဏ်ရာ မှတ်တမ်းတွေကို သိထားတာပဲ။

ပေါင် သန်း ၆ဝ သုံးပြီး ခေါ်ထားတဲ့ ကူကူရယ်လာ ဆီကနေ ဘာတွေ ရသလဲ ကျနော်တော့ မသိဘူး။ သူက စပိန်အတွက်တောင် မကစားရဘူး။ ချယ်ဆီးရဲ့ ပွဲထွက် ၁၁ ယောက်ထဲလည်း မပါဘူး။ ဒါပေမယ့် ပေါင် သန်း ၆ဝ ဗျာ။ လုံးဝ ဝိုးပဲ။

နောက်ပြီး အူဘာမီးယန်း ကို ခေါ်တယ်။ သူ့ကြည့်ရတာလည်း မဟန်ဘူး။ အာဆင်နယ်နဲ့ ပွဲမှာ ဘာမှ မလုပ်ပြနိုင်ခဲ့ဘူး၊ နယူးကာဆယ်နဲ့ ပွဲမှာကျ အရန် ရောက်နေတယ်။ ကလပ်က အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဘာ ပလန်မှ မရှိဘဲ လှုပ်ရှားခဲ့တာ။ သူတို့ အလောတကြီး လုပ်ခဲ့တာ။

သူတို့က တူချယ် အတွက် ကစားသမားတွေ ဝယ်ပေးတယ်၊ ပြီးတော့ သူ့ကို ထုတ်လိုက်တယ်။ အဲဒီတည်းက စလို့ ချယ်ဆီးက လုံးဝ ရှုပ်ထွေးသွားတော့တာပဲ။ ” လို့ ထောက်ပြသွားခဲ့ပါတယ်။

ချယ်ဆီးဟာ နွေတုန်းက ပေါင် သန်း ၂၅ဝ နီးပါး သုံးစွဲခဲ့တာ ဖြစ်ပြီး တီမိုဗာနာ အပါအဝင် မသုံးဖြစ်တဲ့ ကစားသမားတွေ ရောင်းချခြင်းကနေ ပေါင် သန်း ၅ဝ လောက်သာ ပြန်ရခဲ့တာ ဖြစ်ပါတယ်။