ဘန်ဇီမာ ဒဏ်ရာရသွားပြီးနောက် မာရှယ် အပါအဝင် ပြင်သစ် အသင်း အစားထိုး ခေါ်ယူဖွယ် တိုက်စစ်မှုး ၃ဦး

ပြင်သစ် ကြယ်ပွင့် တိုက်စစ်မှုး ကာရင် ဘင်ဇီမာ ဟာ စနေနေ့ညက ကာတာမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးမှာ ပေါင်ခြံ ဒဏ်ရာ ရသွားခဲ့တာကြောင့် ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်တော့မှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် ပြင်သစ် အသင်း အနေနဲ့ ဘန်ဇီမာ နေရာ အစားထိုးဖို့ တိုက်စစ်မှုး အမြန် ပြန်ရွေးရမှာ ဖြစ်ပြီး မာရှယ် အပါအဝင် တိုက်စစ်မှုး ၃ ဦး အစားဝင် ရွေးခံရဖို့ ရှိနေပါတယ်။

ဘန်ဇီမာ အတွက်တော့ ပြိုင်ပွဲ စတင်တော့မယ့် တစ်ရက် အလိုကျမှ ကံဆိုးရတော့တာ ဖြစ်ပြီး ပြင်သစ် နည်းပြ ဒမ်ချမ့် အနေနဲ့ ဘယ်သူ့ကို အစား ပြန်ခေါ်မလဲ ဆိုတာ တနင်္လာနေ့ထိ ဆံုံးဖြတ်နိုင်ခွင့် ရှိနေပါတယ်။

ပြင်သစ် သတင်းဌာန အဆိုအရ ထပ်မံ ရွေးခံမယ့် တိုက်စစ်မှုး ၃ ဦး ရေပန်းစားနေပြီး မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ် အပြင် ဘန်ရက်ဒါနဲ့မိုဆာ ဒီယာဘီ တို့ ဖြစ်ပါတယ်။

မာရှယ်ဟာ ဒီရာသီ ယူနိုက်တက်နဲ့ အတူ ဂိုးတွေ ပြန်သွင်းနေပေမယ့် ပြင်သစ် လက်ရွေးစင် အသင်းမှာ ရွေးမခံရဘဲ ကျန်ရစ်ခဲ့တာပါ။ ခုလို ဘန်ဇီမာ နာသွားချိန်မှာ မာရှယ် အခွင့်အရေး ရဖွယ် ရှိလာပေမယ့် တဖက်မှာလည်း မိုနာကို အသင်းခေါင်းဆောင် ဘန်ရက်ဒါက မာရှယ်ထက် အခွင့်သာဖွယ် ရှိနေပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဘန်ရက်ဒါက အားလပ်ရက အနားယူဖို့ မိသားစုနဲ့ အတူ ဒိုဟာမှာ ရောက်နေတာကြောင့် ပြင်သစ် ခေါ်တာနဲ့ အသင့် ရောက်လာမယ့် သူပါ။ အသက် ၃၂ နှစ် အရွယ် တိုက်စစ်မှုးက ပြင်သစ် အသင်းအတွက် ၁၉ ပွဲ ကစားဖူးထားပါတယ်။

မာရှယ်က ပြင်သစ် အသင်း အတွက် ကစားထားတာ ပွဲ ၃ဝ ရှိပေမယ့် ၂ဝ၁၈ ရုရှား ကမ္ဘာ့ဖလားမှာလည်း ပါဝင်ခွင့် မရတော့ပါဘူး။ အသက် ၂၆ နှစ် အရွယ် ယူနိုက်တက် တိုက်စစ်မှုးဟာ အောက်တိုဘာ ၂၀၂၁ နောက်ပိုင်း လက်ရွေးစင်က ခေါ်ယူမခံရပေမယ့် ဒီတကြိမ်ဟာ မျှော်လင့်ဖို့ အခွင့်အရေး ပေါ်လာခဲ့တာ ဖြစ်ပါတယ်။