ပရီးမီးယားလိဂ်မှာ မြင်ရတော့မယ့် ဟွိုင်လန်း နဲ့ ဟာလန်း တို့ရဲ့ သွင်းဂိုး ပြိုင်ဆိုင်မှု

မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူရေး ပြောင်းရွှေ့ကြေး သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်မှူးအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း ပေးမှာဖြစ်ပြီး စွမ်းဆောင်ရည် အလိုက် ထပ်တိုးကြေး ယူရို ၁၀ သန်း ထပ်ပေးမှာပါ။ အတ္တလန်တာဘက်က ယူရို သန်း ၁၀၀ ထိ အလိုရှိခဲ့ပေမယ့် ယူရို ၈၅ သန်းမှာ ဈေးတည့်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလအစောတည်းက ယူနိုက်တက်နဲ့ ဟွိုင်လန်းတို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားခဲ့ပြီးဖြစ်ကာ ၅ နှစ်စာချုပ် ချုပ်ဆိုကြပါမယ်။ ဒါ့အပြင် ယူနိုက်တက်ဘက်က အလိုရှိရင် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။

ယူနိုက်တက်ဘက်က ယူရို သန်း ၅၀ + ယူရို ၁၀ သန်းပေးမယ်လို့ နှုတ်အားဖြင့် ကမ်းလှမ်းခဲ့ပြီး ပီအက်စ်ဂျီကလည်း တစ်ကြိမ်တည်းသော ကြိုးစားမှုအဖြစ် ယူရို သန်း ၅၀ ရရင် ခေါ်မယ်၊ မရရင် နောက်ဆုတ်မယ်ဆိုကာ ကြား ဝင်ခဲ့ပါတယ်။

ဒီနွေမှာ မေဆန်မောင့်နဲ့ အိုနာနာတို့ ၂ ဦး ခေါ်ယူထားပြီဖြစ်တဲ့ ယူနိုက်တက်ဟာ နည်းပြ တန်ဟက် အလိုရှိနေတဲ့ နံပါတ် ၉ တိုက်စစ်မှူးသစ် ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဟွိုင်လန်းဟာ ဟာလန်းလက်သစ် တိုက်စစ်မှုးလို့ နာမည်ကြီးသူ ဖြစ်လို့ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ရဲ့ ဟွိုင်လန်းနဲ့ မန်စီးတီးရဲ့ ဟာလန်းတို့ရဲ့ သွင်းဂိုး ပြိုင်ဆိုင်မှုကောင်းတွေကို မြင်ရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ ဟာလန်း ကတော့ ပြီးခဲ့တဲ့ ရာသီ ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၅၂ ဂိုးထိ သွင်းယူထားခဲ့ပါတယ်။