ခြေစမ်းပွဲ ရှုံးပေမယ့် တကယ့် ပွဲကျရင် ဘာစီလိုနာ ကို ရှယ်ကြိတ်မှာ လို့ ကြုံးဝါးလိုက်တဲ့ ကာဗာဂျယ်

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ခြေစမ်းပွဲမှာ မဟာပြိုင်ဘက်အသင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းအား ၃-ဝ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ဝေဖန်ပြောဆိုခံနေရပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်ဟာ လုံးဝ အစွယ်မရှိတဲ့ ကျားလို ဖြစ်နေခဲ့ပြီး ခါးသီးပြိုင်ဘက်ကိုမှ အပြတ် ရှုံးခဲ့ရတာ ဖြစ်ပါတယ်။ မက်ဒရစ် နောက်ခံလူ ကာဗာဂျယ်ကတော့ ခြေစမ်းပွဲ ဖြစ်တာကြောင့် အရှုံး ကို ထည့်တွက်မနေဘဲ တကယ့် ပွဲကျရင် ဘာစီလိုနာကို အနိုင်ကန်မှာ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

” ဘာစီလိုနာ ကို ရှုံးရတယ် ဆိုတာ ပါးစပ်ဖျားထဲမှာပါ ခါးလိုက်နေတာပေါ့ဗျာ။ ဒါပေမယ့် ကျနေ်ာတို့ ဘယ်လို ပွဲမျိုး ကစားတာလဲ ဒီပွဲက ဘာအဓိပ္ပါယ်လဲ ဆိုတာ သိဖို့ လိုတယ်။

တကယ့် တရားဝင် ပြိုင်ပွဲတွေကျရင် ကျနော်တို့က ဘာစီလိုနာကို အနိုင်ယူနိုင်မှာ သေချာပါတယ်။ ဘာစီလိုနာနဲ့ ဒီခြေစမ်းပွဲမှာ ကျနော်တို့ အခွင့်အရေးတွေ ရခဲ့တယ်။ တိုင်ထိတာတောင် ၅ ကြိမ်ဗျာ။ ပင်နယ်တီကလည်း တစ်လုံး လွဲသေးတယ်။

ဒီတော့ စိတ်မပူကြပါတယ်။ ပကတိ အရှိတရားဆိုတာ အချိန်ကိုက်ရင် ပေါ်လာမှာပါ၊ အဲဒီကျ ကျနေ်ာတို့က သူတို့ကို အနိုင်ယူမှာ။ ” ကာဗာဂျယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဟာ လာမယ့် သြဂုတ် ၃ ရက် ကြာသပတေးနေ့မှာ ဂျူဗင်တပ်နဲ့ ခြေစမ်းပွဲ ဆက်လက် ယှဉ်ပြိုင် ရဦးမှာ ဖြစ်ပါတယ်။