မြောက်လန်ဒန်ကလပ် အာဆင်နယ်အသင်းဟာ ကလပ်ရဲ့ အဓိက ဂျာစီစပွန်ဆာဖြစ်တဲ့ Emirates နဲ့ စာချုပ်သစ်ကိစ္စ စကားပြောနေပြီ ဖြစ်ပါတယ်။
ဒူဘိုင်း အခြေစိုက် လေကြောင်းလိုင်းဟာ အာဆင်နယ် အသင်းကို ၂၀၂၄ ခုနှစ်ထိ ဂျာစီ စပွန်ဆာ ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ် အိမ်ကွင်းကိုတော့ ၂၀၂၈ ခုနှစ်ထိ စာချုပ်ရှည် ပေးထားခဲ့ပါတယ်။
၂၀၀၄ မှာ ဟိုက်ဘူရီကွင်းကနေ ထွက်ခွာလာချိန် မတိုင်ခင်တည်းက အာဆင်နယ်နဲ့ Emirates ကြားမှာ ကာလရှည် လက်တွဲဖို့ သဘောတူညီမှု ရထားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ စတင် အကောင်အထည် ပေါ်လာခဲ့ပါတယ်။ ဒီလက်တွဲမှုဟာ ရေရှည်မှာလည်း ဆက်လက် တည်တံ့နေမှာပါ။
လက်ရှိမှာ Emirates က အာဆင်နယ်ကို တစ်နှစ် ပေါင် သန်း ၄၀ ဖြင့် စပွန်ဆာ ပေးထားပြီး စာချုပ်သစ်ကိုတော့ ၂၅% တိုးမြင့်ကာ လီဗာပူးရဲ့ Standard Chartered နည်းတူ တစ်နှစ် ပေါင် သန်း ၅၀ ထိ ပေးအပ်မှာဖြစ်ပါတယ်။ စာချုပ်ဟာလည်း ၅ နှစ်သက်တမ်း ဖြစ်လာဖို့ ရှိတာကြောင့် ပေါင် သန်း ၂၅ဝ တန် စာချုပ် ဖြစ်လာဖွယ် ရှိပါတယ်။
နည်းပြ အာတီတာဟာ ဒီနှစ်တွေအတွင်း အသုံးစရိတ်ကြီးတွေ သုံးခွင့်ရထားခဲ့ပြီး ကလပ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားပေးထားနိုင်ပါတယ်။ အာဆင်နယ်ဟာ မနှစ်တုန်းက မန်စီးတီးရဲ့ အဓိက ဖလားစိန်ခေါ်ဘက်လည်း ဖြစ်ခဲ့ပါတယ်။
ဥရောပရဲ့ အမြင့်ဆုံး ပြိုင်ပွဲထံ ပါဝင်ယှဉ်ပြိုင်ရခြင်းနဲ့ ဆုဖလား စိန်ခေါ်လာနိုင်ခြင်းတွေကြောင့် အာဆင်နယ်ရဲ့ ပုံရိပ်ဟာ ပြန်လည် မြင့်မားလာပြီး စီးပွားရေး လက်တွဲဘက်သစ်တွေ ပိုမိုရရှိလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။