မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အိုနာနာက ဒေါ့မွန်ကို ရှုံးတဲ့ ခြေစမ်းပွဲမှာ သူနဲ့ နောက်ခံလူ မက်ဂွဲရား ကြား ဘာဖြစ်ခဲ့သလဲ ဆိုတာနဲ့ သူ့ရဲ့ လုပ်ရပ်အတွက် ရှင်းပြမှု ပြုလုပ်လာပါတယ်။
ဒေါ့မွန်နဲ့ပွဲမှာ အိုနာနာက ဘောလုံး ပေးပို့တာ မှားသွားခဲ့တဲ့ မက်ဂွဲရားကို ဒေါသထွက်ပြီး အော်ဟစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဂိုးသမားက ဒါဟာ ဒေါသကြောင့် ပေါက်ကွဲတာ မဟုတ်ဘဲ အသင်းဖော်ချင်း နားလည်မှုရဖို့မှာ ဒီလို ပါးစပ်ဖွင့်ထားဖို့ ထုတ်ပြောဖို့ လိုအပ်လို့ ဖြစ်ကြောင်း ပြန် ဖြေရှင်းခဲ့ပါတယ်။
” ကျနော်က အသင်းဖော်တွေကို အရမ်း တောင်းဆိုပါတယ်၊ သူတို့ကလည်း အများကြီး တောင်းဆိုမှုရှိတဲ့ ကစားသမားတွေပါ။ သူတို့တွေက ကျနော်ထံ ဘောလုံး အကြိမ်တွေ အများကြီး ပြန်ပေးကြတယ်။ ဒီတော့ ကျနော်က သူ့တို့ကို ယုံသလို သူတို့တွေ ကျနော်အပေါ် ယုံကြည်ပေးကြတာကို လိုချင်ပါတယ်။
မာတီနက်စ်နဲ့ မက်ဂွဲရားတို့က ကောင်းကောင်းကစားနေကြတာပါ။ ကလပ်အတွက် သူတို့တွေက အရေးကြီးတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ အစိတ်အပိုင်း အဖြစ် သူတို့နဲ့ တွဲကစားရတာကို ပျော်ရွှင်ပါတယ်။ ” လို့ အိုနာနာက ပြောပါတယ်။
ကွင်းထဲက ဖြစ်ရပ်အပြီး မက်ဂွဲရားအပေါ် သူ့ရဲ့ သဘောထားကိုလည်း အိုနာနာက ပြောပြလာပါသေးတယ်။
အိုနာနာကပဲ “မက်ဂွဲရားက ကစားသမားကောင်းပါ၊ ဒီအသင်းရဲ့ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက ဘောလုံးနဲ့အတူ ကောင်းပေမယ့် ကျနော်က သူ့အပေါ် အများကြီး တောင်းဆိုမယ့်သူပါ။ သူက သိပ်ကောင်းတဲ့သူဖြစ်ပြီး သူနဲ့ ကျနော့်ကြားမှာ ဆက်ဆံရေးကောင်း ရှိပါတယ်။
ကျနော်က ဂိုးပေါက်နားမှာ ရောက်လာတဲ့သူတိုင်းကို တောင်းဆိုရမှာပါပဲ။ ကျနော်တို့ အတူကစားနေတာပါ။ အမှားတွေ လုပ်မိနိုင်ပါတယ်။ အမှားလုပ်မိဖို့ မကြောက်နေသင့်ပါဘူး။ အမှားတွေဆိုတာ သင်ယူဖို့ လိုအပ်တဲ့ ဘဝရဲ့ အစိတ်အပိုင်းပါပဲ။ ဟယ်ရီက ကစားသမားကောင်းပါ။ ” လို့ ပြောဆိုသွားပါတယ်။