အာဆင်နယ်နဲ့ အာတီတာ ဘာလုပ်ချင်တာလဲ နားမလည်နိုင် ဖြစ်နေတဲ့ လီဗာပူး ကွင်းလယ်လူဟောင်း

အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ့် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူရေး ကြိုးစားနေတယ်လို့ The Athletic က တစ်ဆင့် သတင်းထောက် David Ornstein က ဖော်ပြထားပြီ ဖြစ်ပါတယ်။

ရာယာ ကိုယ်တိုင်ကတော့ အာဆင်နယ်ကို ပြောင်းရွှေ့လိုပြီး ဘရန့်ဖိုဒ့် ဂိုးနည်းပြဟောင်း ကန်နာနဲ့ ပြန်ပြီး လက်တွဲလိုစိတ်ရှိတယ်လို့ သိရပါတယ်။ ဘရန့်ဖို့ဒ်ကတော့ ကစားသမား အတွက် ပေါင် သန်း ၄၀ ရမှ လက်လွတ်မယ့် အကြောင်း နည်းပြသောမက် ဖရန့်ကတစ်ဆင့် သတိပေးထားပါတယ်။

ဒီနွေမှာ ကောင်းမွန်တဲ့ ခေါ်ယူမှုတွေ ဆက်တိုက်လုပ်နေတဲ့ အာဆင်နယ် က အခုလို *ိုးသမား ရာယာကို ချိတ်ဆက်လာခြင်းအပေါ် လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီမာဖီက နားမလည်နိုင်အောင် ဖြစ်နေပါတယ်။

မာဖီကတော့ ‘ အာဆင်နယ် လုပ်နေတာတွေကို ကျနော်တော့ နားမလည်နိုင်တော့ဘူး။ သူတို့ ရာယာကို ရသွားခဲ့ရင် ရမ်းစ်ဒယ်ကို ဘာလုပ်မှာလဲ? ပွဲထွက် ဂိုးသမားအဖြစ် နေရာ မပေးပါဘဲနဲ့ ဂိုးသမား တစ်ဦးကို သူတို့ ဘာလို့ ပေါင် သန်း ၄၀ ပေးပြီး ခေါ်ဖို့ လိုအပ်မှာလဲ?

နောက်ပြီး ဒေးဗစ်ရာယာကလည်း သူ့ကို နံပါတ်တစ် နေရာ သုံးမယ့် ကလပ်ကိုပဲ သွားလိုမှာပဲလေ။ တစ်နေရာရာကို သွားပြီး နံပါတ် နှစ်နေရာမှာ ရှိနေရမှာကို သူလည်း အဖြစ်ခံမှာ မဟုတ်ပါဘူး။ သူ့ကို ခေါ်မယ်ဆိုရင် ပွဲထွက်နေရာ ပေးရဖို့ပဲ ရှိပါတယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ ဂိုးသမားနေရာ လီနိုနဲ့ ရမ်းစ်ဒယ် ပြိုင်ရတုန်းက အာဆင်နယ် ခံစစ်အပေါ် ရမ်းစ်ဒယ်ရဲ့ အကူအညီဖြစ်မှုကို ထောက်ပြပြီး ရာယာကို ခေါ်ယူခြင်းဟာ ဂိုးပေါက်ကို ပိုပြီး စိတ်ချရမှုတွေ ပေးလာမယ်လို့ ထင်မြင်ချက် ပေးနေကြပါတယ်။

အာတီတာကလည်း ရာယာ ကို အရန်ထက် လက်ရှိ ဂိုးသမား ရမ်းစ်ဒယ်နဲ့ ပွဲထွက်ခွင့် ပြိုင်ဆိုင်မယ့် သူ အဖြစ် ရည်မှန်းထားကြောင်း သတင်း ထွက်ပေါ်နေပါတယ်။