ငါတို့က ငွေကြောင့် သက်သက်နဲ့ ဆော်ဒီကို လာခဲ့တာ မဟုတ်ဘူး ဆိုတဲ့ ရူဘန် နီဗက်စ်

ပရီးမီးယားလိဂ် ကလပ် ဝုဗ်ကနေ ဆော်ဒီကလပ် အယ်ဟီလယ် အသင်းထံ ဒီနွေမှာ ပြောင်းရွှေ့ သွားခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား ရူဘန် နီဗက်စ်ကတော့ ဆော်ဒီဘက် ပြောင်းရွှေ့သွားတဲ့ ဥရောပ ကစားသမားတွေဟာ ငွေကြောင့် သက်သက် မဟုတ်ပါဘူးလို့ ငြင်းချက် ထုတ်လိုက်ပါတယ်။

အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ နိုင်ငံအသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒို လေသံ အတိုင်း လိုက် ပြောလာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကလည်း ဆော်ဒီ ပရိုလိဂ်ဟာ အနှေးနဲ့ အမြန် ဆိုသလို ကမ္ဘာ့ အကောင်းဆုံး လိဂ် တစ်ခု ဖြစ်လာမယ် လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။

ဆော်ဒီ အာဏာပိုင်တွေရဲ့ ဘဏ္ဍာရေး တောင့်တင်းတဲ့ နောက်ခံ ရှိထားတာကြောင့် ဥရောပ ထိပ်သီး လိဂ်တွေက နာမည်ကြီး ကစားသမားတွေကို ငွေ အလုံးအရင်း သုံးကာ ဆော်ဒီကလပ်တွေက ဒီနွေမှာ ခေါ်ယူနေကြပါတယ်။

ဒီနွေမှာ ရူဘန် နီဗက်စ် အပြင် ဘန်ဇီမာ၊ ကန်တေ၊ ဖာဘင်ညို၊ ဟန်ဒါဆန် အစရှိတဲ့ ဥရောပ ကစားသမားကောင်းတွေ များစွာ ဆော်ဒီဘက် ပြောင်းရွှေ့ သွားခဲ့တာပါ။

နီဗက်စ်က ” ငါတို့က ငွေကြောင့် သက်သက် ဒီကို လာခဲ့တာ မဟုတ်ဘူး။ ကမ္ဘာ့ အကောင်းဆုံး လိဂ်တွေထဲ ပါဝင်လာဖို့ ရည်မှန်းချက်ကြီး ရှိနေတဲ့ တောင့်တင်းတဲ့ လိဂ် ဆီ လာခဲ့ကြတာပါ။ ” လို့ လူမှုကွန်ယက်ကနေ ပြောဆိုခဲ့ပါတယ်။

ဆော်ဒီလိဂ်ဟာ အနာဂတ်မှာ တောက်ပလာဖွယ် ရှိပေမယ့် လောလောဆယ်မှာတေ့ အာရှဒေသတွင်းမှာသာ ပါဝါရှိသေးတဲ့ လိဂ်တစ်ခု ဖြစ်ပါတယ်။

အယ်ဟီလယ်ရဲ့ တိုက်စစ်မှုးဟောင်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်မှာ အငှား ကစားသွားခဲ့တဲ့ အစ်ဟာလို ကတော့ ကစားသမားတွေဟာ ဆော်ဒီ ပရိုလိဂ်ထံ ငွေကြောင့် သက်သက်သာ လာခဲ့ကြတာ ဖြစ်တယ်လို့ ပေါ်တင်ပဲ ပြောဆိုထားပါတယ်။