မန်ချက်စတာ စီးတီးအသင်းဟာ ဒီတပတ် ဝင်ဘာလေကွင်းကြီးမှာ အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပြီး ဒီပွဲမှာ သူတို့ရဲ့ ဆိုးဝါးတဲ့ စံချိန်မှတ်တမ်းကို ချိုးဖျက်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။
ဒီနှစ်ဟာ ပက် ဂွာဒီယိုလာ အသင်းရဲ့ ၃နှစ်ဆက်တိုက် ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လီဗာပူးကို ၃-၁ နဲ့ အရေးနိမ့်ခဲ့သလို ၂၀၂၁ တုန်းကလည်း လက်စတာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ အာဆင်နယ်နဲ့ တွေ့တိုင်း ပွဲရလဒ်ကောင်းတွေ ရထားပြီး မြောက် လန်ဒန်ကလပ်နဲ့ နောက်ဆံး ကစားခဲ့တဲ့ ၈ ပွဲ လုံး အနိုင် ရရှိထားပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီး နောက် ၅ မှတ် အကွာနဲ့ ရာသီသိမ်းခဲ့ရပြီး ဒီနွေမှာတော့ ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်ထားတာကြောင့် အရင်ထက် တောင့်တင်းနေပါတယ်။
အာဆင်နယ် အတွက်ကတော့ ဒီတပတ် ကွန်မြူနတီဒိုင်း ပွဲဟာ ၂၀၂၀ နောက်ပိုင်း ပထမဆုံး အကြိမ် ပြန် ယှဉ်ပြိုင် ရခြင်း ဖြစ်ပြီး နောက်ဆုံး ကစားစဉ်ကတော့ ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးကို နိုင်ကာ ဆုဖလား ရခဲ့ပါတယ်။
ကွန်မြူနတီဒိုင်း ပွဲစဉ် အချိန်နဲ့ နေ့ရက်
ပွဲကတော့ သြဂုတ်လ ၆ ရက်၊ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားမှာပါ။ လန်ဒန်က ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပွဲကြို ဒဏ်ရာနဲ့ ထူးခြား သတင်းများ
အာဆင်နယ် အသင်းဘက်မှာ တိုက်စစ်မှုး ဂျေးဆု ဒဏ်ရာ ရှိနေပြီး သီတင်းပတ် အနည်းငယ် နားရမှာပါ။ ဆာကာ က မိုနာကိုနဲ့ ပွဲမှာ မပါဝင်ပေမယ့် ကွန်မြူနတီဒိုင်းပွဲမှာ ပါဝင်လာဖွယ် ရှိပါတယ်။ ဇင်ချန်ကိုက ထရိန်နင် ပြန်ဆင်းနေပေမယ့် ပွဲ ကစားဖွယ် မရှိသေးဘူး သိရပါတယ်။
မန်စီးတီးဘက်မှာတော့ တစ်ဦးတည်းသော ဒဏ်ရာ ရှိထားသူဟာ ကီဗင် ဒီဘရိုင်း ဖြစ်ပြီး ဇွန်လ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ဖြစ်ပါတယ်။
သမိုင်းမှာ ထိပ်တိုက် တွေ့ဆုံမှု ရလဒ်များ
- အာဆင်နယ် အနိုင် – ၉၈
- မန်စီးတီး အနိုင် – ၆၅
- သရေ – ၄၅
ပွဲ သုံးသပ်ချက်
မန်စီးတီးကို ရင်ဆိုင်ရဖို့ ဆိုတာ ခက်ခဲတဲ့ ကိစ္စပါ။ သူတို့က အမြဲ သွက်လက် ဟန်ချက်ညီနေတဲ့ အသင်း မဟုတ်ပေမယ့် အခုထိ ပြိုင်ဘက်တွေ ရင်ဆိုင်ရ ခက်နေတဲ့ အသင်း ဖြစ်နေတယ် ဆိုတာ အရည်အသွေးကောင်းတွေ ရှိနေလို့ပါပဲ။
တဖက်မှာ မန်စီးတီးရဲ့ ကွန်မြူနတီဒိုင်း မှတ်တမ်းဆိုးနဲ့ အာဆင်နယ် အင်အားတောင့်လာခြင်းကလည်း ဒီပွဲမှာ ခြားနားမှု ဖြစ်သွားနိုင်ပါတယ်။