မန်ချက်စတာ ယူနိုက်တက်ဟာ အသက် ၂ဝ အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှုး ဟွိုင်လန်းကို အတ္တလန္တာ အသင်းထံကနေ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။
ကစားသမားဟာ မန်ချက်စတာသို့ ရောက်ကာ ဆေးစစ်မှု ခံယူပြီး စာရွက်စာတမ်းကိစ္စတွေ အပြီးသတ်နေပြီ ဖြစ်ကာ ဒီနေ့ စနေနေ့ညမှာ တရားဝင် မိတ်ဆက် ကြေညာတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာ ညနေခင်း သတင်း အဆိုအရ ယူနိုက်တက်ဟာ ကျောက်ရိုင်းအဆင့်သာ ရှိသေးတဲ့ ဟွိုင်လန်းကို ထိုသို့ ပြောင်းရွှေ့ကြေးကြီး ပေးကာ စွန့်စားခေါ်ယူခဲ့တာက နည်းပြ တန်ဟက် အပေါ် ယုံကြည်လို့သာ ဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ အသင်းမှာ ရေရှည် သုံးနိုင်မယ့် တိုက်စစ်မှုးသစ်ကို အချိန်ယူ ရှာဖွေနေခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ဟွိုင်လန်ရဲ့ လုပ်အားနှုန်းနဲ့ သဘောထားကို အထင်ကြီး သဘောကျခဲ့ပါတယ်။
လက်ရှိ ကျောက်ရိုင်းအဆင့်သာ ရှိသေးပေမယ့် တကယ့် စိန်တစ်ပွင့် ဖြစ်လာအောင် နည်းပြ တန်ဟက်က သွေးပေးနိုင်မယ် လို့ ယုံကြည်ချက် ရှိနေတာကြောင့် ဟွိုင်လန်းကို အရ ခေါ်ယူခဲ့တာပါ။
ဒိန်းမတ်သား တိုက်စစ်မှုးဟာ တချိန်မှာ ဥရောပ ထိပ်သီး တိုက်စစ်မှုး တစ်ဦး ဖြစ်လာမယ် လို့ ယူနိုက်တက်က ယုံကြည်မှု ရှိထားတယ် လို့ သိရပါတယ်။