စီးတီးက အဆင်သင့် မဖြစ်သေးကြောင်း အာဆင်နယ်အား ပွဲကြို Mind Game သုံးလိုက်တဲ့ ပက် ဂွာဒီယိုလာ

မနက်ဖြန် တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားပြီး ဘောလုံးရာသီရဲ့ ပထမဆုံး ဆုဖလားကို ရယူဖို့ ပြိုင်ဆိုင် ကြိုးစားကြတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတွေ ထိပ်တိုက်တွေ့ကြတဲ့ အဆိုပါ ပြိုင်ပွဲမှာ မနှစ်က အက်ဖ်အေ ဖလားကို မန်စီးတီးပဲ ရခဲ့တာမို့ အမှတ်ပေးဇယား ဒုတိယနေရာက အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရဖို့ ဖြစ်လာခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ပွဲကန်ဖို့ သူတို့ အဆင်သင့် မဖြစ်သေးကြောင်း ပွဲကြိုမှာ Mind Game သုံးကာ ပြောဆိုသွားပါတယ်။

” အခု ကျနော်တို့ရဲ့ အခြေအနေကို ကျနော်တို့ သိပါတယ်။ ကျနော်တို့က အာဆင်နယ်ထက် ၂ ပတ် နောက်ကျပြီးမှ ဘောလုံးရာသီ သိမ်းထားသလို ၂ ပတ် နောက်ကျပြီးမှ ဘောလုံးရာသီသစ်ကို စတင်ထားတာပါ။ ဒီတော့ ကျနော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိမနေပါဘူး။

ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းပြမှုတွေက ဒီနေရာကို ရောက်လာစေတာပါ။ အာဆင်နယ်နဲ့ ရင်ဆိုင်နိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ဒိုင်းကို အနိုင်ရအောင် အားထုတ်သွားမှာ ဖြစ်ပါတယ်။ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် ဒီတပတ် ကွန်မြူနတီဒိုင်း ပွဲဟာ ၂၀၂၀ နောက်ပိုင်း ပထမဆုံး အကြိမ် ပြန် ယှဉ်ပြိုင် ရခြင်း ဖြစ်ပြီး နောက်ဆုံး ကစားစဉ်ကတော့ ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးကို နိုင်ကာ ဆုဖလား ရခဲ့ပါတယ်။ မန်စီးတီးကတော့ ၃နှစ် ဆက်တိုက် ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရတာ ဖြစ်ပါတယ်။