မန်စီးတီး ခံစစ်မှုးသစ် ဂါဗာဒီအော က အသင်းမှာ ဟာလန်း ရှိနေလို့ ကျေနပ်ရကြောင်း ထုတ်ဖော် ပြောဆို

မန်စီးတီး အသင်းဟာ ခံစစ်မှူးသစ် ဂါဗာဒီအော ကို မနေ့က တရားဝင် မိတ်ဆက်ကြေညာပေးခဲ့ပြီ ဖြစ်ပါတယ်။ ဂါဗာဒီအော ကတော့ ပရီးမီးယားလိဂ် ပြောင်းလာချိန်မှာ အားလုံး ဖိန့်ဖိန့်တုန်ရတဲ့ တိုက်စစ်မှုး ဟာလန်း အား ပြိုင်ဘက် အဖြစ် မတွေ့ရဘဲ အသင်းဖော် ဖြစ်နေတာ အတွက် ကျေနပ်လို့ နေပါတယ်။

ဒီအကြောင်းကို မန်စီးတီး ခံစစ်မှုးသစ်က အခုလိုပဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဂါဗာဒီအောက “ ရိုးရိုးသားသား ပြောရရင် မနှစ်ကရာသီမှာ အသင်းတိုင်းက မန်စီးတီးနဲ့ ထိပ်တိုက် မတွေ့ချင်ကြပါဘူး။ ကံမကောင်းစွာပဲ ကျနော်တို့က ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ခဲ့ပါတယ်။

မန်စီးတီးကို ရင်ဆိုင်ရမှာ ခက်တယ်ဆိုတာ သိခဲ့ပေမယ့် တကယ် ရင်ဆိုင်ရတော့ မယုံနိုင်စရာပါပဲ။ မန်စီးတီးရဲ့ ကစားဟန်နဲ့ သူတို့ကို အားပေးကြမှုက ခြားနားတဲ့ အဆင့်တစ်ခုကို ရောက်နေပါပြီ။

မနှစ်က ဟာလန်း ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကျနော်တို့ အားလုံး သိပါတယ်။ သူ့အတွက်လည်း ဂုဏ်ယူပါတယ်။ အခု ချိန်မှာ သူ့နဲ့ အသင်းဖော်အဖြစ် ကစားရတော့မှာက သိပ်ကောင်းပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲက တစ်ဦးပါ။

ကံကောင်းစွာပဲ ကျနော်တို့က တစ်သင်းတည်းဆိုတော့ သူနဲ့ ပတ်သက်လို့ စိတ်ပူနေစရာ မလိုတော့ပါဘူး။ ” လို့ မှတ်ချက် ပေးသွားတာပဲ ဖြစ်ပါတယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ်နဲ့ ဥရောပမှာတော့ ဟာလန်း မုန်တိုင်း တိုက်ခိုက်မှုနဲ့အတူ မန်စီးတီးဟာ ဆုဖလား ၃ လုံး ချန်ပီယံအဖြစ် ရာသီကုန်မှာ ဗိုလ်ဝင်ခံခဲ့ပါတယ်။

ဟာလန်းဟာ ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၅၂ ဂိုးထိ သွင်းယူခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၆ ဂိုးထိ ရှိခဲ့ကာ ရွှေဖိနပ်ဆု အောင်မြင်ခဲ့ပါတယ်။