လန်းစ်နဲ့ ပွဲက အမှားနဲ့ ပတ်သတ်ပြီး ဖြေရှင်းလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားသစ် အိုနာနာ

မန်ချက်စတာ ယူနိုက်တက်က မနေ့က လန့်စ်အသင်းကို ၃-၁ ဖြင့် အနိုင်ရတဲ့ ခြေစမ်း ပွဲမှာ ဂိုးသမား အိုနာနာဟာ ပေးဂိုး ၁ ဂိုးအတွက် ဝေဖန် ခံခဲ့ရပါတယ်။

ယူနိုက်တက်တို့ နောက်က လိုက်ကစားရမှု ဖြစ်ခဲ့တဲ့ အဆိုပါ ဂိုးဟာ အိုနာနာ ရှေ့တအား တက်နေမှုကို အခွင့်အရေး ယူပြီး လန့်စ်ဘက်က ကွင်းတစ်ဝက်ကနေ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမး အိုနာနာရဲ့ ရှေ့တက်လွန်းတဲ့ ကာကွယ်ပုံအရ ဒါဟာ လာမယ့်ရာသီ မန်ချက်စတာ ယူနိုက်တက် မကြာခဏ ပေးရမယ့် သွင်းဂိုးမျိုးလား ဆိုပြီး သရဲနီပရိသတ်တွေကြား ပြောဆိုကြမှုတွေ အတော်လေး ရှိခဲ့ပါတယ်။

ပေးခဲ့ရတဲ့ ပေးဂိုး အတွက် အိုနာနာက အခုလို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

” ကျနော် ပြောခဲ့သလိုပဲ အရာအားလုံးအတွက် ကျနော်မှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ ဂိုးတွေ ပေးလိုက် ရချိန်မျိုးမှာပေါ့။ ကျနော်က ခံစစ်ကို တာဝန်ယူထားသူပါ ဒီတော့ ဝေဖန်ချက်တွေ အားလုံး ကျနော် လက်ခံတယ်၊ အားလုံး က ကျနော်ရဲ့ တာဝန်တွေပဲ ဖြစ်ပါတယ် ” လို့ တုန့်ပြန်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရက်ဖိုဒ့်၊ အန်တိုနီနဲ့ ကာဆီမီရိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ခြေစမ်းပွဲကို ၃-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာ အိုနာနာကပဲ သူ့ရဲ့ ပထမဆုံး အိုးထရတ်ဖိုဒ့်ပွဲအတွက် ပျော်ရွှင်စကား ပြောဆိုခဲ့ပါတယ်။

” နိုင်ပွဲအတွက် ကျနော် ပျော်မိပါတယ်။ ကျနော်တို့ ပိုကောင်းလာနိုင်ပါတယ်၊ အချို့ကိစ္စတွေကိုတော့ ပိုကောင်းလာဖို့ ဖြေရှင်းရမှာပေါ့။ ကျနော်အတွက်ကော အသင်းဖော်တွေအတွက်ပါ ပွဲကောင်းပါပဲ။ ဒီပွဲအတွက် ပျော်ရွှင်ပါတယ်။ ” လို့ ပွဲအပြီးမှာ အိုနာနာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။