အာဆင်နယ် အသင်းဟာ မနေ့က ဝင်ဘာလေမှာ မန်ချက်စတာ စီးတီးကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်း ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပွဲချိန် ၇၇ မိနစ်မှာ မန်စီးတီးက ကိုးလ် ပါးမာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီးနောက် ပွဲပြီးပြီ ထင်ခဲ့ကြပေမယ့် အာဆင်နယ် တို့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ချေပဂိုး သွင်းယူခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အပြတ်အသတ် ၄-၁ နဲ့ နိုင်သွားခဲ့တာပါ။
ကွင်းဘေးကနေ လိုက်ပြီး သူ့ ကစားသမားတွေကို မောင်းနှင်တာနဲ့ ဒိုင်တွေကို စောဒကတက် ဖိအားပေးတာ နာမည်ကြီးတဲ့ နည်းပြ အာတီတာကတော့ ဒီပွဲမှာ အဝါကတ်ပြ စတင် သတိပေးခံခဲ့ရပါတယ်။
အာတီတာဟာ သူ့ နည်းပြ ဧရိယာထဲကနေ ထွက်ပြီး ကွင်းဘေးရောက်ခဲ့သေးတာကြောင့် ထိုသို့ အဝါကတ် ပြသ သတိပေးခံခဲ့ရတာပါ။
ပရီးမီးယားလိဂ် ဒိုင်တွေဟာ ကွင်းဘေးကနေ ဒီလို ဖိအားပေးမှုတွေကို ရာသီသစ်မှာ ကြပ်မတ်တော့မှာ ဖြစ်တာကြောင့် အာတီတာကတော့ ဈေးဦးပေါက်သွားခဲ့ပါတယ်။
အခုလို အဝါကတ် ပြခံခဲ့ရတဲ့ အပေါ် အာတီတာက ” ကျနော် ပြောခဲ့ပါတယ်။ ကျနော့် အပြုအမူ အကျင့်တွေကို ၃ ရက်လောက် အတွင်းတော့ မပြောင်းနိုင်ဘူးပေါ့ဗျာ။ ဒါက လုပ်ဖို့ တကယ်ကို ခက်ခဲပါတယ်။
ကျနော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်။ ကျနော် ကြိုးစားပါ့မယ်။ စည်းမျဉ်းတွေကို ကျနော် သဘောပေါက်တယ်၊ စည်းမျဉ်းတွေ ဘာလို့ ဒီလို ဖြစ်လာရတယ် ဆိုတာလည်း နားလည်ပါတယ်။
ဒါပေမယ့် ကျနေ်ာတို့ အမျက်ထွက်လာရင် တခါတလေ ကိုယ့် နည်းပြ ဧရိယာက ဘယ်မှာ ဘယ်လို ဆိုတာ မသိတော့ပါဘူး။ ရပါတယ်၊ ဒါကို အသားကျလာအောင် ကျနော်တို့ လုပ်ရမှာပါ။ “လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။