မနေ့ညက ကွန်မြူနတီဒိုင်း ပွဲမှာ နာကျင် အချိန်ပိုတွေ အကြာကြီး ပေးခဲ့တဲ့ အပေါ် စီးတီး နည်းပြ ပက် ဂွာဒီယိုလာက လှောင်ပြောင် ရိထေ့သွားခဲ့ပါတယ်။
ဒုတိယပိုင်း ၇၇ မိနစ်မှာ ကိုးပါးမား သွင်းယူခဲ့တဲ့ ဂိုးကို ထရော့ဆက်က မိနစ် ၉၀ ပြည့်လို့ အချိန်ပို ၁၀ မိနစ် ဝန်းကျင်မှာ ချေပဂိုး သွင်းယူခဲ့တာပါ။
ဝင်ဘာလေက ပွဲအပြီးမှာတော့ ဂွာဒီယိုလာကတော့ နည်းပြတွေ ကစားသမားတွေနဲ့ တိုင်ပင်ခြင်း မရှိဘဲ ပွဲချိန်တွေ ပိုတိုးခြင်း လုပ်ဆောင်တဲ့ ပွဲတာဝန်ရှိသူတွေကို ဝေဖန်ခဲ့ပါတယ်။
ဂွာဒီယိုလာက ‘ ကျနော်တို့ ဒါကို အသားကျနေဖို့ လုပ်ရတော့မှာပဲ။ ကျနော်တို့ ၁-၀ နဲ့ အနိုင်ရနေတယ်။ ၈ မိနစ်လောက် အချိန်ပို ပေးရလောက်တဲ့ ကိစ္စ မဖြစ်ခဲ့ဘူး ထင်တာပါပဲ။
စည်းမျဉ်းရေးဆွဲသူတွေလို လူတွေက မန်နေဂျာတွေနဲ့ တိုင်ပင်တာ မရှိဘူး၊ ကစားသမားတွေနဲ့ ဘယ်တော့မှ မတိုင်ပင်ပါဘူး။ သူတို့ ဆုံးဖြတ်တာကို ကျနော်တို့ လက်ခံရမှာပဲ။ အခုတော့ ပွဲတွေက မိနစ် ၁၀၀ ကစားရတော့မယ် ဆိုတာ သေချာတယ်။ သူတို့က ဂိုးတွေအတွက် အချိန်ပိုကို တိုးလာခဲ့တာပါ။
၄-၃ လို အနေအထားမှာ ဆိုရင်လည်း နောက်ဂိုးသွင်းဖို့ သူတို့ အချိန်ပို ထပ်ပေးကြဦးမယ်။ အချိန်တိုင်း ဂိုးသွင်းနေအောင်ပေါ့။ နောက်ရက်လောက်ထိတောင် ကျနော်တို့ ဆက် ကစားရင် ဆက် ကစားနေရမှာပါ။ ကျနော်ရဲ့ အမြင်ကိုတော့ လာ မမေးကြပါနဲ့တော့ ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်မှာ ကာတာ ကမ္ဘာ့ဖလား စတိုင်မျိုး အချိန်ပိုပေးခြင်းကို စတင် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒီအပတ် ချန်ပီယံရှစ် အဖွင့်သီတင်းပတ်မှာလည်း တစ်ပွဲကို ပျှမ်းမျှ ၁၆ မိနစ် ၃၄ စက္ကန့် အချိန်ပို ပေးလာခဲ့ပါတယ်။
ဒိုင်လူကြီးတွေဟာ ဒီရာသီမှာ နည်းပြတွေရဲ့ အပြုအမှုကို ယခင်ကထက် ပိုမို ကိုင်တွယ်မှု ပြုလုပ်မှာဖြစ်ပြီး ကွင်းပြင်မှာ စောဒကတက်နေတဲ့ အာတီတာကိုလည်း အဝါကတ် ခပ်မြန်မြန် ပြသခဲ့သေးတာ ဖြစ်ပါတယ်။