ပရီးမီးယားလိဂ် ချန်ပီယံ ဘယ် အသင်း ဖြစ်မလဲ ကိုယ့် အကြိုက်နဲ့ ကိုယ် ရွေးလိုက်ကြတဲ့ နဗီးနဲ့ ကာရေဂါ

နာမည်ကျော် စကိုင်းစပေါ့ သတင်းဌာနရဲ့ ပင်တိုင် ဘောလုံး သုံးသပ်သူတွေဖြစ်တဲ့ ဂယ်ရီနဗီးနဲ့ ဂျင်မီ ကာရေဂါတို့ဟာ ဘောလုံးရာသီသစ် မစတင်ခင် ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မလဲ ခန့်မှန်းလာခဲ့ပါတယ်။

သူတို့ နှစ်ဦးလုံးဟာ မန်စီးတီး ချန်ပီယံဖြစ်မယ်လို့ ရဲရဲရင့်ရင့် မပြောကြတော့ပါဘူး။ ဒါပေမယ့် ကာရေဂါက မန်စီးတီးဟာ ပြိုင်ဘက်တွေထက် သာနေဆဲလို့ မြင်ပြီး နဗီးကတော့ ရာသီကြိုမှာ ပေါ့ပေါ့ပါးပါး ခန့်မှန်းရမယ်ဆိုရင် အာဆင်နယ်ကို ရွေးချယ်မယ်လို့ ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ ဆွေးနွေးမှုမှာ ကာရေဂါက ” မန်စီးတီးက အင်္ဂလန်မှာ မြင်ဖူးသမျှထဲ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပဲ ဖြစ်ပါတယ်။ သူတို့ ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ်ဆက် အနိုင်ရမလား ကျနော် မသိပါဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုမျိုး လုံးဝ မရှိဖူးဘူးလေ။

မန်စီးတီး ချန်ပီယံမဖြစ်ရေး တားဆီးနိုင်မှာ သူတို့ ပါဝင်ရမယ့် အခြား ပြိုင်ပွဲတွေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။ သူတို့ ကလပ်ကမ္ဘာ့ဖလားကို သွားရောက် ယှဉ်ပြိုင်ပြီး ပြန်လာခဲ့ရင် ပြိုင်ဘက်တွေထက် ပွဲအနည်းငယ် နောက်ကနေ လိုက် ကစားရတော့မှာပါ။

မန်စီးတီးမှာ သိပ်ကို တောင့်တင်းတဲ့ လူစာရင်း ရှိတယ်လို့ ပုံပြင်ဆန်ဆန် ပြောကြပေမယ့် သူတို့မှာ အဲ့လို ကြီးမားတဲ့ လူစာရင်း မရှိပါဘူး။ သူတို့မှာ ထိပ်တန်း ကစားသမား ၁၅ ယောက်၊ ၁၆ ယောက်လောက်ရှိပြီး အရံခုံမှာ ကောင်လေး ၂ ယောက် ၃ ယောက်လောက် ရှိတာမျိုးပါ။ အဓိက ကစားသမား အချို့ ဒဏ်ရာတွေရခဲ့ရင် သူတို့ ရင်ဆိုင်နိုင်မလား ကြည့်ရပါမယ်။

ဒီနှစ်မှာ အာဆင်နယ်က ပို တောင့်တင်းလာတယ်။ လီဗာပူးနဲ့ ချယ်ဆီးတို့လည်း တောင့်တင်းလာပေမယ့် ဂွာဒီယိုလာက သူ့အသင်းကို ပြိုင်ဘက်တွေထက် ပိုသာအောင် စီမံထားနိုင်ပါတယ်။ သူ့ရဲ့ အသင်းက ရမှတ် ၉၀ ထက် ဘယ်တော့မှ လျော့ပြီး ရလေ့ မရှိပါဘူး။ ဒါက သူတို့ရဲ့ ပြိုင်ဘက်တိုင်းကို ခက်ခဲစေပါတယ်။” လို့ ထောက်ပြခဲ့ပါတယ်။

ဂယ်ရီနဗီးက ခန့်မှန်းရာမှာတော့ ” အာဆင်နယ်တို့ ပရီးမီးယားလိဂ် အနိုင်ရမှာပါ။ မန်စီးတီးက ဒုတိယပေါ့။ ဘဝကိုပုံပြီး ကြီးကြီးမားမား လောင်းကြေးထပ်ရမယ်ဆိုရင် မန်စီးတီးပဲ ရွေးမှာပါ။ ဒီလို ရာသီကြို ခန့်မှန်းအတွက်တော့ အာဆင်နယ်ပဲ ရွေးပါမယ်။ ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။