ရာသီကြို ကာမှာ ဒူး ဒဏ်ရာရသွားတဲ့ ချယ်ဆီး တိုက်စစ်သမား အန်ကွန်းကူ ဟာ မျှော်လင့်ထားတာထက်တောင် ပိုပြီး ကြာကြာ အနားယူရမယ်လို့ သိရပါတယ်။
လိုက်ဇစ်ကနေ ပြောင်းလာတဲ့ တိုက်စစ်သမားဟာ ဒေါ့မွန်ကို ရင်ဆိုင်ရာမှာ မိနစ် ၂၀ ခန့် ကစားခဲ့ပြီးနောက် ဒူးဒဏ်ရာ ရရှိသွားတာပါ။ သီတင်းပတ် အချို့ အနားယူရမယ်လို့ သိထားရတဲ့ တိုက်စစ်သမားရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာ ထက် ပို ဆိုးရွားကြောင်း ချယ်ဆီးဘက်က အတည်ပြုပါတယ်။
‘ အန်ကွန်းကူရဲ့ ဒူးဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုမို ကာလရှည် အနားယူရမှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် တိုက်စစ်သမားဟာ ခွဲစိတ်မှု ခံယူခဲ့ရပြီး အခုချိန်မှာ ကလပ်ဆေးအဖွဲ့နဲ့ ပြန်လည် ထူထောင်းရေး ကိစ္စတွေ စတင်နေပါပြီ ’ လို့ ချယ်ဆီးဘက်က တရားဝင် သတင်း ထုတ်ပြန်သွားပါတယ်။
ချယ်ဆီးအသင်း ဘက်က အန်ကွန်းကူ ဒဏ်ရာကြောင့် အနားယူရမယ့် အချိန်ကို ထည့်ပြောခဲ့ခြင်း မရှိပေမယ့် အင်္ဂလန် သတင်းဌာနတွေကတော့ ကစားသမားဟာ ၃-၄ လ ဝန်းကျင် အနားယူရကာ ဒီဇင်ဘာလလောက်မှ ဘောလုံး ပြန် ကစားနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ဒါပေမယ့် ဒဏ်ရာ မှတ်တမ်းဟောင်းတွေ ရှိထားဖူးတဲ့ အန်ကွန်းကူရဲ့ အခြေအနေဟာ မျှော်လင့်ထားတာထက် ပိုပြင်းထန်မယ်ဆိုရင် ဒီဇင်ဘာ မတိုင်ခင် ဘောလုံး ပြန်ကစားနိုင်ဖွယ် မရှိဘဲ ရာသီဝက်ထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။
မနှစ်တုန်းက ကမ္ဘာ့ဖလား မတိုင်ခင်မှာ ဒူးဒဏ်ရာ ရခဲ့တာကြောင့် ပြိုင်ပွဲကို လွဲချော်ခဲ့တဲ့ အန်ကွန်းကူဟာ ဖေဖော်ဝါရီမှာ ဘောလုံး ပြန်ကစားနိုင်ခဲ့တာပါ။ သူ့ရဲ့ ဒဏ်ရာ မှတ်တမ်းတွေအရ နည်းပြပိုချက်တီနိုဟာ လအတန်ကြာ အခြားသော တိုက်စစ်သမားတွေကို အားကိုးရတော့မှာ ဖြစ်ပါတယ်။