တကယ် လိုချင်ရင် ငွေသုံးတယ် ဆိုပြီး အစွယ် ထုတ်ပြလာတဲ့ လီဗာပူးက ကိုင်ဆီဒို ကို ဗြိတိန် စံချိန်တင်ကြေး ပေးပြီ

ဒီနေ့ နံနက်ခင်းမှာပဲ လီဗာပူးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ဗြိတိန် စံချိန်တင်ကြေး ပေါင် သန်း ၁၁၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ လို့ သတင်းတွေ ဆက်တိုက် တက်နေပါတယ်။

မနေ့ညတုန်းက လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ကိုင်ဆီဒိုအတွက် အပြိုင်အဆိုင် ကမ်းလှမ်းခဲ့ကြတာဖြစ်ပါတယ်။ လီဗာပူး ဘက်က ချယ်ဆီး ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ထက် ပိုကောင်းတဲ့ ညှိနှိုင်းမှု ပေးပို့ခဲ့တာမို့ ဘရိုက်တန်နဲ့ သဘောတူညီမှု ရခဲ့တာပါ။

ကိုင်ဆီဒို ကိုယ်တိုင်ကလည်း ယခင်က ချယ်ဆီးဘက် မီးစိမ်းပြထားပေမယ့် လီဗာပူးဘက်ကို အလေးသာသွားခဲ့ကာ ပုဂ္ဂိုလ်ရေး ကိစ္စ အပြီးသတ်ပြီး ဒီကနေ့မှာ ဆေးစစ်မှု ခံယူဖို့ရှိပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် ဆောက်သမ်တန်မှ လာဗီယာကို အရင် ချိတ်ဆက်နေခဲ့တာဖြစ်ပြီး ၃ ကြိမ်တိုင် ကမ်းလှမ်းပေမယ့် ပယ်ချခံခဲ့ရတာပါ။ ချယ်ဆီးက ကြားဖြတ်ဝင်လာပြီး ပေါင် ၄၈ သန်းဖြင့် ဝင်ရောက် ညိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

မနေ့ကပဲ လီဗာပူးအသင်းက လာဗီယာရဲ့ အပြောင်းအရွှေ့ ကိစ္စ နှောင့်နှေးနေမှုကို စိတ်မရှည်တော့တာမို့ ကိုင်ဆီဒိုအတွက် ဘရိုက်တန်နဲ့ စကားပြောလာခဲ့တယ်။ လီဗာပူးအသင်းဟာ ကိုင်ဆီဒိုကို ကာလရှည် စောင့်ကြည့်မှု လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၈ မှာ ဗန်ဒိုက်အတွက် ပေါင် ၇၅ သန်း အကုန်အကျခံခဲ့တဲ့ လီဗာပူးဟာ ကလပ်စံချိန်တင်ကြေးကို ချိုးဖျက်လိုက်တာ ဖြစ်သလို ဗြိတိန်စံချိန်တင်ကြေးထိပါ ပေးဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

လာဗီယာ ကို ကြေးတိုး မပေးခဲ့ပေမယ့် ကိုင်ဆီဒိုကိုတော့ စံချိန်တင် ဈေးအမြင့်ထိ ပေးခဲ့တာကြောင့် လီဗာပူးကတော့ သူတို့ တကယ် လိုချင်ရင် ငွေသုံးတယ် ဆိုပြီး အစွယ် ထုတ်၊ တစ်ကွက်ပြသွားပြီ ဖြစ်ပါတယ်။