မယုံနိုင်ဖွယ် ကံကောင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက် ဝုဗ်ကို ဂိုးပြတ် တွယ်ပြီ ဆိုတဲ့ ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီတပတ် ပရီးမီးယားလိဂ် အဖွင့် သီတင်းပတ်မှာတော့ ဝုဗ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ရမှာပါ။ ပွဲကတော့ လာမယ့် သြဂုတ် ၁၅ ရက်၊ အင်္ဂါနေ့ နံနက် ၁း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ယူနိုက်တက်နဲ့ ဝုဗ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဝုဗ်မှာ ဖြစ်ခဲ့တာတွေကတော့ မယုံနိုင်စရာပဲ။ ဘောလုံး ရာသီ မစခင် ၃ ရက် အလိုမှာ သူတို့က နည်းပြကို ထုတ်လိုက်တယ်။ ဒါရိုက်တာတွေနဲ့ အသင်း ဥက္ကဌကတော့ သူတို့ အသင်းကို တကယ် လုပ်နိုင်မယ့် သူ ကို လိုချင်နေတာ။ ဂယ်ရီ အိုနေးလ်က ဝင်လာမှာပဲ။ သူကတော့ ဒီအလုပ်ရတာ ကျေးဇူးတင် ပျော်ရွှင်နေတော့မယ်။

အိုနေးလ် အနေနဲ့ ဝုဗ်မှာ ခက်ခဲတဲ့ တာထွက် ကြုံရမှာပါ။ ဒီရာသီ သူတို့ကို စိတ်ပူမိတယ်။ ဇယား တဝက် အောက် အသင်းတွေချင်း ခြေချော်မှာကို စောင့်ပြီး သူတို့က အန္တရာယ် ကြီးကြီး ကစားရမှာပါ။

မန်ချက်စတာ ယူနိုက်တက်မှာ အထင်ကြီးစရာ ကွင်းလယ် ပိုင်ဆိုင်ထားတယ်။ သူတို့ ခံစစ်ကိုပဲ ကျနော် နည်းနည်း စိုးရိမ်မိတာ။ မာတီနက်ဇ်က သူတို့ အတွက် ကျောက်ဆောင်ကြီးပါ။ သူသာ ဒဏ်ရာရသွားရင် ယူနိုက်တက် ပြသနာ တက်ပါပြီ။

သူတို့ သွင်းဂိုးတွေမှာလည်း ပြသနာ ရှိနိုင်တယ်။ အတ္တလန္တာမှာတောင် ဂိုးအများကြီး သွင်းတာ မဟုတ်သေးတဲ့ ဟွိုင်လန်း အတွက် ငွေအများကြီး သူတို့ သုံးခဲ့တယ်။ သူ အမြန် အခြေကျမှ ဖြစ်မှာပါ။

ဘာဖြစ်လို့လဲ ဆိုတော့ ပရီးမီးယားလိဂ်က စီးရီးအေနဲ့ အတော် ကွဲပြားပါတယ်။ လူကာကူက အီတလီမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းတယ်လေ၊ ဒီမှာတော့ သူ့ကို ဘယ်သူမှ မလိုချင်ဘူး။

ရာသီကြိုမှာ ဆန်ချိုက အတော် ကောင်းနေတယ်။ ရက်ဖို့ဒ်နဲ့ ဂနာချိုလည်း ကောင်းတာပဲ။ အန်တိုနီကလည်း တဖြည်းဖြည်း ပို ကောင်းလာနေတယ်။ ဟွိုင်လန်းသာ သူ့ဈေးနဲ့ တန်အောင် ကောင်းလာမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် ဘောလုံးရာသီကောင်း ပိုင်ဆိုင်ပါလိမ့်မယ်။

ကျနော်သာ ယူနိုက်တက် ပရိသတ် တစ်ယောက် ဆိုရင် သူတို့ ကိန်းကိုသာ ခေါ်ရင် အများကြီး ပို ပျော်မိမှာ။ သူတို့ ကိန်းကို အဆုံးထိ မကြိုးစားခဲ့ဘူး။ သူက အသက် ၃၆ နှစ်လောက်ထိ ကစားနိုင်မယ့် သူ။ အဲရစ်ဆန်၊ ဖာနန်ဒက်စ်နဲ့ မောင့်တို့က သူ့နောက်မှာ ဆိုရင် သူက အကောင်းဆုံး ဖြစ်မှာပဲ။ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ သူတို့ ဆုံးဖြတ်ချက် ကို ပြန် နောင်တ မရပါစေနဲ့ ဆုတောင်းပါတယ်။

အိုးထရက်ဖို့ဒ် မလာခင် ရက်ပိုင်းမှ နည်းပြ အပြောင်းအလဲ လုပ်ထားတာကြောင့် ဝုဗ်က ဝါးအစည်းပြေသလို ရှိနေဦးမှာပါ။ မန်ချက်စတာ ယူနိုက်တက် ကတော့ သူတို့ ကံကို သူတို့ မယုံနိုင် ဖြစ်နေပါလိမ့်မယ်။ ကျနော်က ဒီပွဲ ယူနိုက်တက် အနိုင်လို့ပဲ မှန်းပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၄-၀ ဝုဗ် ဖြစ်ပါတယ်။