စနေနေ့ ညပိုင်းမှာ ကစားသွားတဲ့ အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ကတော့ နော့တင်ဟမ် ဖောရက်စ် ကို အမ်းမရိတ်မှာ ၂-၁ နဲ့ အနိုင်ယူပြီး ၃ မှတ်ပြည့် ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ် အသင်း အတွက် ဂိုးတွေကို အမ်ကတ်တီးရားနဲ့ ဆာကာ တို့က သွင်းယူခဲ့တာပါ။ တိုက်စစ်ပိုင်း အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့်သာ ဂန်းနားတို့ ဂိုးတွေ ပိုမရခဲ့တာ ဖြစ်ပါတယ်။
အဖွင့်ဂိုးကတော့ မာတင်နယ်လီရဲ့ သိပ်ကို ပြောင်မြောက်တဲ့ တစ်ပတ်လည် ပေးချက်ကနေ အန်ကတ်တီးရားက ဧရိယာထဲကနေ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဖန်တီးပေးမှုဟာ ဒီရာသီ အကောင်းဆုံး ဖန်တီးမှုထဲ ပါဝင်သွားနိုင်ပါတယ်။
နောက်ထပ် သွင်းဂိုးကတော့ တိုက်စစ်သမား ဆာကာရဲ့ ညာခြမ်းကနေ တစ်ကိုယ်တော် အစွမ်းဖြင့် ရယူခဲ့ခြင်း ဖြစ်ပါတယ်။ ဆာကာရဲ့ ကန်ချက်က တော်တော်လေးကို လှပသေသပ်တာကြောင့် အားလုံး ရပ်သပ်ရှုမော ဖြစ်ခဲ့ကြပါတယ်။
ပွဲအပြီး အင်တာဗျူးမှာလည်း အမ်ကတ်တီးရား က အသင်းဖော် ဆာကာ ရဲ့ သွင်းဂိုး အပေါ် ထည့်သွင်း ချီးကျူးခဲ့ပါတယ်။
” မယုံနိုင်စရာကြီးဗျာ! သူ့မှာ ဒီလို ကွာလတီကောင်း ရှိတယ် ဆိုတာ ကျနော်တို့ သိထားပြီးသားပါ။ အသင်းမှာ သူ ရှိနေလို့ သိပ်ကို ပျော်ရွှင်ရပါတယ်။ အသင်း နိုင်ပွဲ ရလို့ ပျော်ရသလို ဆာကာ ဒီလိုဂိုး သွင်းနိုင်အောင် ကူညီပေးနိုင်တာ အတွက်လည်း ပျော်ရပါတယ်။ ” လို့ အမ်ကတ်တီးရားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် ပရိသတ်တွေကလည်း ဆာကာ ကို အသင်းရဲ့ Star Boy လေး အဖြစ် တင်စား ချီးကျူးနေကြပါတယ်။