ကိုင်စီဒိုက ချယ်ဆီး သွားချင်လို့ ငြင်းတယ် ဆိုတာ လီဗာပူး သိပ်ရှက်ဖို့ ကောင်းတယ်လို့ မီးလောင်ရာ လေပင့်သွားတဲ့ အလန်ရှီးယား

ဘရိုက်တန် ကွင်းလယ် ကစားသမား ကိုင်စီဒို ဟာ ချယ်ဆီးအသင်းကိုပဲ ရွေးချင်တာကြောင့် လီဗာပူးအသင်းအား ငြင်းတယ် ဆိုတာ တွေးကြည့်ရင် မာဆေးဆိုဒ်ကလပ် အတွက် အတော်ကို ရှက်ဖို့ကောင်းကြောင်း ပရီးမီးယားလိဂ် ဂန္တဝင်ကြီး အလန်ရှီးယားကတော့ မီးလောင်ရာလေပင့် စကား ဆိုလိုက်ပါတယ်။

အီကွေဒေါသားကို ခေါ်ဖို့ လီဗာပူး အသင်းက ပေါင် ၁၁၁ သန်းနဲ့ ကလပ်အသင်းချင်း သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ ကစားသမားနဲ့တော့ သဘောတူညီမှု မယူနိုင်တာကြောင့် ချယ်ဆီးအသင်းက ပြန်ဝင်လာခဲ့ပြီး ၁၁၅ သန်း ပေးကာ ပြောင်းရွှေ့မှု အပြီးသတ်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ကိုင်စီဒို ဇာတ်လမ်းကို ကြည့်ပြီး နယူးကာဆယ် ကစားသမားဟောင်းကြီး အလန်ရှီးယား ကတော့ လီဗာပူးရဲ့ ပေါ့လျော့မှု အပေါ် ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

” ဒီအပြောင်းအရွှေ့သာ (ကိုင်စီဒို ချယ်ဆီးသို့) တကယ် ဖြစ်လာခဲ့မယ် ဆိုရင် လီဗာပူးအတွက်တော့ ရှက်စရာကြီးပဲ။ သူတို့က အရင် ပေါင် ၁၁၁ သန်းနဲ့ သဘောတူညီမှု ရခဲ့တယ်လေ။ နောက်ပြီးမှ ကစားသမားဘက်ကနေ ‘ မင်းတို့ဆီ မလာချင်ဘူး၊ ကျေးဇူးပဲ။ ငါကတော့ လန်ဒန်ပဲ သွားမယ်။ ‘ လို့ ငြင်းချခဲ့တာ။

ဒါက လီဗာပူး အတွက် ကြည့်လို့ မကောင်းတဲ့ ပွဲ ဖြစ်နေပြီ။ ကိုယ့် အိမ်စာ ကိုယ် ကြေညက်အောင် လုပ်ပါဦး။ ကစားသမား တစ်ယောက်ကို ခေါ်မယ် ဆိုရင် သူတို့နဲ့ အရင် ညှိဦး၊ သဘောတူညီမှု ရအောင် ယူဦး။ ” လို့ ရှီးယားက ခပ်ဘွင်းဘွင်းပဲ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ကိုင်စီဒို အတွက် လီဗာပူးထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှု အဖြစ် ပေါင် ၁၁၅ သန်းနဲ့ ပေးပို့ထားပြီ ဖြစ်ပြီး အပြောင်းအရွှေ့ အပြီးသတ်ဖို့ တက်သုတ်ရိုက် လှုပ်ရှားနေပါတယ်။