တနင်္ဂနွေနေ့ က စတန်းဖိုဒ့်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ချယ်ဆီးနဲ့ လီဗာပူးတို့ ပွဲစဉ်ကတော့ ၁-၁ နဲ့ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
ထို ပွဲစဉ်အတွင်း ယာဂင်ကလော့ပ်က လီဗာပူး တိုက်စစ်မှုး ဆာလာကို လူစားလဲခဲ့ပြီး ဒီအတွက် အီဂျစ်သား တိုက်စစ်မှူးက ပေါက်ကွဲခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးက ပထမပိုင်းမှာ ဂိုးသွင်းခဲ့သေးပေမယ့် လူကျွံနေခဲ့တာကြောင့် ဂိုး ပယ်ဖျက်ခံခဲ့ရပါတယ်။
ဆာလာဟာ ပထမပိုင်းမှာ ဒီယက်စ်ရဲ့ ဂိုးအတွက် ဖန်တီးမှု လုပ်ပေးခဲ့ပြီး ဒီပွဲမှာ ကိုယ်တိုင် ဂိုးသွင်းနိုင်ရင် ၇ ရာသီ ဆက်တိုက် ဘောလုံးရာသီ အဖွင့်ပွဲမှာ ဂိုး သွင်းယူနိုင်သူ ဖြစ်လာမှာပါ။
ပွဲချိန် နောက်ပိုင်းမှာ ချယ်ဆီးက ကစားကွက် ပြန်စီးလာတာကြောင့် ပွဲချိန် ၇၇ မိနစ်မှာ ဆာလာက ဟာဗေး အယ်လီးယော့နဲ့ လူစားလဲခံခဲ့ရာ ဆာလာက ကွင်းထဲက ထွက်ခွာလာချိန် လက်မှတ် ပတ်ထားတဲ့ ပတ်တီးတွေကို ဒေါသတကြီး ခွာထုတ်ခဲ့တာပါ။
ဂိုး ရလိုတဲ့ ဆာလာရဲ့ အပြုအမှုကို သူနားလည်ပေမယ့် ရလဒ်အတွက် အားထုတ်ရမှာပဲလို့ ကလော့ပ်က ပွဲအပြီးမှာ ပြောဆိုပါတယ်။
ကလော့ပ်ကပဲ ‘ ကျနော်တို့ အနိုင်ရအောင် ကစားဖို့ ဒီကို ရောက်လာတာပါ။ မိုက အရမ်း အရမ်းကို အရေးပါတဲ့ အသင်းသားပါ။ ကျနော်တို့ ဆုံးဖြတ်ချက်တွေ လုပ်ဖို့လိုတယ်။ သူမှာ မှတ်တမ်းကောင်းပေါင်း ၅၀၀ လောက်ရှိပါတယ်။
အကယ်လို မို ဂိုးသွင်းမယ်ဆိုရင် ဘောလုံးရာသီတွေ ဆက်တိုက် အဖွင့်ပွဲစဉ်မှာ ဂိုး သွင်းနိုင်တဲ့ မှတ်တမ်းရှင် ဖြစ်လာမယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ပွဲချိန်တွင်းမှာ ကျနော်ကတော့ မှတ်တမ်းတွေကို မစဉ်းစားပါဘူး။
ကျနော်တို့ တည်ငြိမ်မှုရှိဖို့ လိုပါတယ်။ လန်းဆန်းတဲ့ ခြေထောက်ပိုင်ရှင်တွေ လိုပါတယ်။ ဒီပွဲက လူတိုင်းအတွက် ပြင်းထန်ခဲ့တာပါ။ ဒါကပဲ ကျနော် ပြောနိုင်တာ အကုန်ပါပဲ။ ဆာလာရဲ့ တုန့်ပြန်မှုက ကျနော်အတွက် အဆင်ပြေပါတယ်။ ’ လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ပွဲဦးထွက် တစ်မှတ်သာ ရခဲ့တဲ့ လီဗာပူး အသင်းဟာ လာမယ့် စနေနေ့မှာတော့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲအဖြစ် ဘုန်းမောက်ကို အန်ဖီးမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။