မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ကတော့ ဝုဗ် အသင်းကို ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုင်ရကာ ၃ မှတ်ပြည့် ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက် အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ နောက်ခံလူ ဗာရန်းက သွင်းယူပေးခဲ့တာပါ။
နည်းပြ အပြောင်းအလဲနဲ့ အတူ ရုန်းကန်ရမယ် ယူဆထားခြင်း ခံရတဲ့ ဝုဗ် အသင်းက အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် အား ယှဉ်ကစားနိုင်ခဲ့ပြီး ဖန်တီးမှုပိုင်းမှာ ပိုတောင် သာတယ်လို့ ယူဆနေကြပါတယ်။
ပွဲအပြီး အင်တာဗျူးမှာ နည်းပြ တန်ဟက် အား ဝုဗ်က မန်ချက်စတာ ယူနိုက်တက်ထက် ပို ကောင်းကောင်း ကစားသွားနိုင်တာ အံ့သြမိလား လို့ မေးခွန်းထုတ်လာကြပြီး နယ်သာလန်သား နည်းပြက အခုလို တုန့်ပြန်ခဲ့ပါတယ်။
” နိုး၊ ကျနော် မအံ့သြမိပါဘူး။ သူတို့ရဲ့ ပြီးခဲ့တဲ့ နွေတုန်းက ရာသီကြိုတုန်းက ခြေစွမ်းတွေကို ကျနေ်ာတို့ တွေ့နေတာပဲ။ သူတို့က အသင်းကောင်း တစ်သင်းပါ။ ဒီပွဲကနေ အမှတ်ယူဖို့ ကျနေ်ာတို့ အစွမ်းကုန် လုပ်ရမယ် ဆိုတာ ကြို သိခဲ့ပါတယ်။
ကျနော်တို့ အသင်း အနေနဲ့ ဘောလုံးနဲ့ အတူ ပိုပြီး ကောင်းကောင်း လုပ်နိုင်အောင် တိုးတက်အောင် လုပ်နိုင်ပါသေးတယ်။ အများကြီး ပိုကောင်း၊ ပိုတည်ငြိမ်လာနိုင်ပါတယ်။ ဒီပွဲမှာတော့ ကျနော်တို့က ဘောလုံးတွေကို လွယ်လွယ် ဆုံးရှုံးခဲ့တယ်။ အထူးသဖြင့် တိုက်စစ်သမားတွေ ဆီကပေါ့။ ဒါကတော့ မကောင်းဘူး။ ” လို့ တန်ဟက်က တုန့်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်က ဝုဗ်အသင်းရဲ့ အလွယ်တကူ ဖြတ်တောက်ခံခဲ့ရတဲ့ အပေါ်လည်း တန်ဟက်က နည်းနည်း မကျေနပ် ဖြစ်နေပုံရပြီး ဘောလုံး လက်လွှတ်ရတာတွေက ညံ့ဖျင်းတယ် လို့ ပြောဆိုခဲ့ပါသေးတယ်။
ဂိုးသမား အိုနာနာကြောင့် ပွဲပြီးခါနီး မှာ ယူနိုက်တက်တို့ ပင်နယ်တီ ပေးရမလို ဖြစ်ခဲ့သေးပေမယ့် ကံကောင်းစွာပဲ ဒိုင်နဲ့ VAR ငြင်းပယ်ခဲ့တာကြောင့် သက်သာရာ ရခဲ့ပါတယ်။