စံချိန်တင်ကြေး ပေးခေါ်ထားတဲ့ ကွင်းလယ် ၂ဦး ရှိပေမယ့် ချယ်ဆီးက အာဆင်နယ် ကို မယှဉ်နိုင်သေးဘူး ဆိုတဲ့ သုံးသပ်မှု

ဒီရာသီမှာ ကစားသမား ခေါ်ယူမှုတွေ မနားတမ်း ဆက်လုပ်နေသေးတဲ့ ချယ်ဆီးအသင်းဟာ ဘရိုက်တန်မှ ကိုင်ဆီဒိုကို ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်း ပေးပြီး ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးမှာ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် နှစ်ဦးဖြစ်တဲ့ ကိုင်ဆီဒိုနဲ့ အန်ဇိုလို ကွင်းလယ်လူတွေ ရှိနေပေမယ့်လို့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်ကပဲ အဓိက စိန်ခေါ်နိုင်မယ်လို့ ဂန်းနားဟောင်း အီရန်ရိုက်က မြင်ထားပါတယ်။

အီရန်ရိုက်က “ ချယ်ဆီးတို့ ကိုင်ဆီဒိုကို ရလိုက်တာ ကောင်းပါတယ်။ ကွင်းလယ်မှာ အန်ဇိုနဲ့ ကိုင်ဆီဒိုတို့ တွဲဖက် ကစားလို့ ရနိုင်တာပေါ့။ ခံစစ်တန်းရှေ့မှာ သူတို့ နှစ်ဦး ရှိတာက ချယ်ဆီးကို အတော်လေး ကျစ်လစ်မာကြော သွားစေမှာပါ။

ကိုင်ဆီဒိုက ဘရိုက်တန်မှာ သိပ်ကောင်းတဲ့ ခံစစ်မှတ်တမ်း ရှိထားပေမယ့် မန်စီးတီး၊ အာဆင်နယ်နဲ့အပြိုင် သူတို့အသင်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ဖို့ဆိုရင် ဂိုးသွင်းပေးမယ့်သူ လိုနေမယ်လို့ ထင်ပါတယ်။ ချယ်ဆီးက အမှတ်ပေးဖလား စိန်ခေါ်မယ့် အသင်းတွေထဲတော့ ပါဝင်လာမှာပါ။

ကွင်းလယ်ခံစစ်သမားတွေက ကလပ်တွေအတွက် အတော်လေး အရေးကြီးပါတယ်။ သူတို့က ပြိုင်ဘက် တိုက်စစ်ကို ချိုးဖျက်နိုင်တာတင် မဟုတ်ဘဲ ကိုယ်အသင်း ဘောလုံးကစားပုံ တိုးတက်လာဖို့ပါ ကူညီပေးပါတယ်။ သူတို့က အသင်းတွေ အတွက် အဓိကကျတဲ့ နေရာဖြစ်ပြီး ကစားဟန်အတွက် အရေးကြီးလှသူ ဖြစ်လာနေပါတယ်။

ကျနော်ကတော့ အာဆင်နယ်ကပဲ ပရီးမီးယားလိဂ်ဖလား အဓိက စိန်ခေါ်သူဖြစ်လာမယ် ခံစားမိနေဆဲပါ။ ဒါကို နည်းနည်းလေးမှ သံသယ မရှိပါဘူး။ မနှစ်ကဆိုရင် သူတို့မှာ ပါတေးလို ကစားသမား လက်လွတ်ထားရတာက ထိခိုက်မှု ရှိခဲ့တယ်။ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ကွင်းလယ်မှာ ဒီကလန်ရိုက်စ်၊ ဟာဗက်တို့ကို ခေါ်ယူထားခဲ့ပြီး ပါတေး၊ အိုဒီဂတ်တို့ဖြင့် ပေါင်းစပ် ပေးတော့မှာ ဖြစ်ပါတယ်။