တိုက်စစ် မဟန်သေးတဲ့ မန်ယူ စပါးကို မနိုင်ဘူး ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ဒီညပွဲ ကြိုတင် သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ် စပါးအသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက်ရင်ဆိုင် ကစားရမှာပါ။ ပွဲချိန်ကတော့ စနေနေ့ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ စပါးနဲ့ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။

” မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ အပတ်ကလိုသာ ကစားမယ် ဆိုရင် သူတို့ နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ယူနိုက်တက်မှာက သူတို့ အကောင်းဆုံး ပုံစံ မဟုတ်ရင်တောင် နိုင်ပွဲ ရအောင် ယူနိုင်တတ်တာက ရှိတယ်။ ဒီ စပါးနဲ့ ပွဲကတော့ အရင် ဝုဗ်နဲ့ ပွဲထက် သူတို့ ပို ကျစ်ကျစ်လစ်လစ် ရှိပါလိမ့်မယ်။

ဝုဗ်နဲ့ ပွဲ အပြီးမှာ မေဆန်မောင့်က ဝေဖန်မှုတွေ အများကြီး ခံခဲ့ရတယ်။ ဒါပေမယ့် အဲဒီပွဲမှာ ဘယ် ယူနိုက်တက် ကစားသမားကရော ကောင်းကောင်း လုပ်နိုင်ခဲ့လို့လဲ။ သူ့ကို ဝေဖန်ဖို့ စောလွန်းသေးတယ်လို့ ကျနော် ထင်တယ်။ သူက ဖွင့် ကစားနိုင်တဲ့ အခါ ကစားသမားကောင်း တစ်ယောက်ပါ။ တန်ဟက် အနေနဲ့ လူစားမလဲခင်က နည်းနည်း စောင့်ခဲ့သင့်သေးတယ်။

စပါးက ဒီရာသီ စောင့်ကြည့်ရမယ့် တစ်သင်းပဲ လို့ ကျနော် မြင်တယ်။ သူတို့ မန်နေဂျာကို သဘောကျတယ်။ သူတို့က နောက်ဆုံးမှာတော့ တော့တင်ဟမ် စတိုင် အတိုင်း ကစားနိုင်လာပါပြီ။ ကစားသမားကောင်းတွေလည်း ရှိတယ်။ ဒါပေမယ့် ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကို အစားထိုးဖို့ကတော့ ကိစ္စကြီး တစ်ခုပေါ့။ ကျနော်တို့ ထည့် ပြောနေရတာက တစ်ရာသီ ဂိုး ၃ဝ ပုံမှန် သွင်းပေးနေကျ ကစားသမား တစ်ယောက် ကိုနော်။

သူတို့ ရှိတဲ့ ကစားသမားတွေကနေ ပဲ သွင်းဂိုးတွေ ရှာနိုင်မယ် ဆိုရင်တော့ စပါး အလုပ် ဖြစ်မှာပါ။ ဒါပေမယ့် ဒါက ဆွန်နဲ့ ရစ်ချာလီဆန် တို့ အတွက်တော့ ကြီးလေးတဲ့ တာဝန် ဖြစ်နေလိမ့်မယ်။

ဒါပေမယ့် ပြောရရင် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကလည်း အခြေမကျနိုင်ဘူး ဖြစ်နေသေးတာကြောင့် ဒီအပတ် စပါး အသင်း အတော် ကောင်းကောင်း လုပ်ပြနိုင်လောက်တယ်။ ” လို့ မာဆန်က သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ တော့တင်ဟမ် စပါး ၂-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။