မက်ဂွဲရား ကို ကျနော်တို့လည်း ခေါ်ချင်ခဲ့ပါတယ် လို့ ထုတ်ဖော် ဝန်ခံလာတဲ့ စီးတီး နည်းပြ ပက် ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက၂၀၁၉ မှာ မက်ဂွဲရားက ပြောင်းရွှေ့ကြေး ပေါင် သန်း ၈ဝ နဲ့ ပြောင်းရွှေ့သွားတုန်းက သူတို့လည်း မက်ဂွဲရား ကို အလိုရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဒါပေမယ့် မြင့်မားတဲ့ တန်ကြေးကို မပေးလိုတာကြောင့် မန်စီးတီးက လက်ရှောင်ခဲ့ရခြင်း ဖြစ်ကြောင်းနဲ့ အပြောင်းအရွှေ့မှာ အခု ချယ်ဆီး သုံးနေသလိုမျိုးသာ မန်စီးတီး သုံးရင် ဝေဖန်သံတွေ ဆူညံသွားမယ်လို့ ဂွာဒီယိုလာက ထုတ်ပြောလာပါတယ်။

မန်စီးတီးဟာ ၂၀၀၈ မှာ ပိုင်ရှင်သစ် ရှိတ်မန်ဆော လက်ထဲ ရောက်ပြီးကတည်းက ဘဏ္ဍာရေး ကိစ္စတွေမှာ ပရီးမီးယားလိဂ် စည်းမျဉ်း ၁၁၅ ကြိမ်လောက် ချိုးဖောက်ကြောင်း စွဲချက်တင်ခံထားရတာပါ။ ဒါပေမယ့် သူတို့ထက် ပိုကြမ်းနေတဲ့ ချယ်ဆီးကိုကျ လူတိုင်းက မျက်ကွယ်ပြုထားတယ်လို့ မြင်ပါတယ်။

” ပြီးခဲ့တဲ့ ဈေးကွက် နှစ်ခုမှာ ချယ်ဆီး သုံးသလို ကျနော် ငွေသုံးခဲ့ရင် မန်စီးတီး နည်းပြထိုင်ခုံမှာတောင် ဆက်ရှိနေမှာ မဟုတ်ဘူး။ အားလုံးက ကျနော်တို့ အသေဆော်ကြမှာ။ မီဒီယာသမားတွေက ကျနော်တို့ ဝိုင်းထည့်ကြမှာ သေချာတယ်။

မန်စီးတီးနဲ့ ဂွာဒီယိုလာက လူတွေ ဝယ်တာ ကြမ်းပါတယ်လို့ ပြောကြပေမယ့် ကျနော်တို့မှာ ကစားသမားတိုင်း ဝယ်ဖို့ ပိုက်ဆံ မရှိပါဘူး။ ကျနော်တို့ ဘယ်သူ့ကို ခေါ်နိုင်မလဲ ဘယ်လို မျှမျှတတ ပေးမလဲ အမြဲ စိစစ်ခဲ့ရတာ။

မက်ဂွဲရားကို ခေါ်ချင်ပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေးဖို့ မတတ်နိုင်ခဲ့ဘူး။ ကူကူရယ်လာအတွက် မပေးနိုင်ခဲ့ဘူး။ ဆန်းချက်စ်တုန်းကလည်း မပေးနိုင်ခဲ့ဘူး။ ကျနော်တို့က ကိုယ်ပေးနိုင်တဲ့ အတိုင်းအတာနဲ့ပဲ လူခေါ်ယူခဲ့တာပါ။ အကယ်ဒမီကနေလည်း သုံးရသေးတာပေါ့ ” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာက သူ ချယ်ဆီးကို ဝေဖန်နေတာ မဟုတ်ဘဲ လူတွေရဲ့ အမြင် ပြောင်းလဲသင့်ပြီ ဆိုတာ သိကြဖို့ ထောက်ပြတာလို့ ပြောဆိုခဲ့ပါတယ်။

စီးတီးနည်းပြကပဲ ” ကျနော် ချယ်ဆီးကို တစ်စက္ကန့်တောင် ဝေဖန်နေတာ မဟုတ်ဘူးနော်။ ကျနော် ပြောနေတာ သူတို့လို ကျနော်တို့ လုပ်ကြည့် တကမ္ဘာလုံး ဝိုင်းထိုးနှက်ကြမှာ။ လူတွေရဲ့ အမြင် ပြောင်းလဲသင့်တယ် ပြောနေတာ။ အားလုံးက ငွေသုံးနေကြပြီ.. အများကြီး သုံးနေတာ။ စီးတီးမှတင် မဟုတ်ဘူး ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။