မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက တော့တင်ဟမ် စပါးအသင်းကို လန်ဒန်မှာ သွားရောက် ရင်ဆိုင်ရာ ၂-ဝ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။
ယူနိုက်တက် ဂိုးသမား အိုနာနာ ကတော့ ထိုရှုံးပွဲ အတွက် တိုက်စစ်သမားတွေ ရဲ့ ဖြုန်းတီးမှု အပေါ် အပြစ်တင် လိုက်ပြီး အသင်းလိုက် ကစားပုံက ကောင်းမွန်ခဲ့တယ် လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
နည်းပြ တန်ဟက်ရဲ့ အသင်းဟာ တပွဲလုံး တောက်လျောက် ဂိုးအခွင့်အရေး များစွာ ဖန်တီးနိုင်ခဲ့သော်လည်း ဂိုးသမား ဗီကာရီယို လက်စွမ်းပြနေသလို ဖာနန်ဒက်စ် ရဲ့ အပိုင် ခေါင်းတိုက်ခွင့် တချက်ကလည်း လွဲချော်သွားခဲ့ပါတယ်။
ယူနိုက်တက် ဂိုးသမား အိုနာနာ က ” ကျွန်တော် ကတော့ သူတို့ (စပါး)အသင်းက ပိုကောင်းတယ် လို့ မထင်ပါဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အမှားတစ်ချို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာက ဒီ တစ်ပိုင်းတည်း ကစားတာ မဟုတ်ဘူးလေ။
ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စတင်နိုင်တယ်၊ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်။ ကံမကောင်းစွာပဲ ဂိုး မသွင်းနိုင်ခဲ့ဘူး။ တကယ်လို့ ကျွန်တော်တို့ ဂိုးသွင်းရင်တော့ ပွဲက တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။
ဘောလုံး ဆိုတာက ဂိုးတွေ သွင်းနိုင်ဖို့ အဓိကပဲ။ ကျွန်တော်တို့ အခွင့်အရေးကြီးတွေလည်း ရခဲ့ပါတယ်။ ဒီတော့ ရှေ့ဆက် ကြိုးစား အလုပ်လုပ်သွားဖို့ပါပဲ။
ကျွန်တော်တို့က ကလပ်အသင်းကြီး တစ်သင်းပါ။ ခက်ခဲတဲ့ အချိန် ဆိုတာက ဘောလုံးတင် မဟုတ်ဘဲ ဘဝမှာလည်းကြုံရပါတယ်။ ကျွန်တော်တို့ စိတ်အေးအေးထားပြီး ရှေ့ဆက် ယုံကြည်နေဖို့ပဲ။
ကျွန်တော်ကတော့ တကယ်ကို ယုံကြည်မှု ရှိပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့ ဒီနေ့ပွဲ မနိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်က အကောင်းမြင်ပါတယ်။ ” လို့ အိုနာနာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။