မန်ယူ အဝတ်လဲခန်းထိ ဒိုင်လူကြီးတွေ လာတောင်းပန်ဖို့ တောင်းဆိုလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် က စပါးကို ၂-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှာ သူတို့ ပင်နယ်တီ မရခဲ့တာအတွက် အတော်လေးကို အမျက်ထွက်နေပါတယ်။

ဂနာချိုရဲ့ ကန်ချက်ဟာ ရိုမဲရိုးရဲ့ လက်နဲ့ ထိခဲ့ပေမယ့် VAR က ပင်နယ်တီအဖြစ် သတ်မှတ်ပေးခြင်း မရှိဘဲ ထောင့်ကန်ဘော ပဲ ပေးခဲ့တာ ဖြစ်ပါတယ်။

အလားတူ တူညီတဲ့ ဖြစ်ရပ်လိုမျိုး ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ဝုဗ်ကို ရင်ဆိုင်စဉ်မှာ ယူနိုက်တက်တို့ ပင်နယ်တီ မပေးခဲ့ရတာ ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ပွဲအပြီးမှာ ဒိုင်လူကြီးတွေက ဝုဗ်အသင်း အဝတ်လဲခန်းထဲသွားကာ ပြိုင်ဘက်ကို တောင်ပန်းသလို တရားဝင် တောင်းပန်စာလည်း ထုတ်ပေးခဲ့တာပါ။ ယူနိုက်တက်ကိုလည်း ဝုဗ်လိုပဲ တရားဝင် တောင်းပန်ဖို့ ဖာနန်ဒက်စ်က သတိပေး တောင်းဆိုလိုက်ပါတယ်။

” အရင်အပတ်က ဝုဗ်နဲ့ပွဲမှာ ယူနိုက်တက်အသင်း ပင်နယ်တီ မပေးခဲ့ရတာကို ကိစ္စကြီးအဖြစ် သူတို့လုပ်ခဲ့တယ်။ ဒီအပတ်မှာလည်း တူညီတဲ့ ဖြစ်ရပ်အတွက် အရင်အပတ်တုန်းက သူတို့ လုပ်ခဲ့သလို တရားဝင် တောင်းပန်မှုပေးလာတာ လိုချင်ပါတယ်။

ဝုဗ်မန်နေဂျာကို သူတို့ သွားလုပ်ခဲ့သလို ဒိုင်လူကြီးက ကျနော်တို့ အဝတ်လဲခန်းထဲ လာတောင်းပန်တာမျိုး မြင်ချင်ပါတယ် ” လို့ ဖာနန်ဒက်စ်က ထုတ်ပြောခဲ့တာပါ။

စပါးကို ရှုံးလိုက်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် တာထွက် ဒုတိယပွဲမှာတင် ရှုံးပွဲ စ ကြုံလိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၂ ပွဲမှာ ၁ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၃ မှတ်သာ ရရှိထာပါတယ်။