၁၁၅ သန်းတန် ကိုင်ဆီဒို က မိနစ် ၃ဝ ကစားပြီး ပင်နယ်တီ ဝင်ပေးခဲ့တဲ့ အပေါ် ချယ်ဆီးနည်းပြ ပိုချက် ဘာပြောသလဲ

ချယ်ဆီးအသင်းဟာ မနေ့ညက ဝက်စ်ဟမ်းအသင်းကို ၃-၁ ဖြင့် အရေးနိမ့်တဲ့ပွဲအပြီးမှာ ဝေဖန်မှုတွေ များစွာ ခံယူနေရပါတယ်။

တစ်ယောက်လျော့ ဝက်စ်ဟမ်းကို ချယ်ဆီးတို့ အနိုင်မယူနိုင်တဲ့ အပြင် အန်ဇို ဖာနန်ဒက်စ်က ပင်နယ်တီ လွဲခဲ့သလို ဒုတိယပိုင်းမှာ မိနစ် ၃၀ စာ ဝင်ကစားခဲ့တဲ့ ကိုင်ဆီဒိုကလည်း ပင်နယ်တီ ပေးရမယ့် အခိုက်အတန့်ကို ကျူးလွန်မိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကမှ ဘရိုက်တန်ကနေ ပေါင် ၁၁၅ သန်းဖြင့် ပြောင်းလာတဲ့ ကိုင်ဆီဒိုဟာ ချယ်ဆီးနဲ့ ၈ နှစ် စာချုပ်ရှိထားသူပါ။

ကိုင်ဆီဒိုကြောင့် ပင်နယ်တီပေးရပြီး ၃-၁ ဖြစ်သွားတာက ချယ်ဆီးအပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း နည်းပြ ပိုချက်တီနိုက ဝန်ခံခဲ့ပြီး ပွဲအပြီးမှာ အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

” အဲ့ဒါက အသင်းအပေါ် မကောင်းတဲ့ သက်ရောက်မှုကို ပေးပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ခက်ခဲခဲ့ပါတယ်။ ကစားဖို့ရာ နည်းလမ်းကောင်းကို မရှာနိုင်ခဲ့သလို ပုံစံကောင်းရအောင် မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဆုံးဖြတ်ချက်တွေကို ခပ်မြန်မြန် လုပ်ခဲ့မိပြီး ဆုံးဖြတ်ချက်တွေ လုပ်ဖို့ တွန်းအားပေးမိခဲ့ကြတယ်။ လူသစ်တွေချည်း ပြည့်နေတဲ့ အသင်းမှာ ဒီလိုမျိုးက ဖြစ်တတ်ပါတယ်။ ကျနော်တို့ ပွဲတွေကို စပြီး နိုင်လာမှာပါ။ ” လို့ ချယ်ဆီးနည်းပြက ပြောဆိုခဲ့တာပါ။

ကိုင်ဆီဒိုရဲ့ ပွဲဦးထွက်နဲ့ ပတ်သက်လို့ ပိုပြီး ထိထိရောက်ရောက် ပြောပေးဖို့ တောင်းဆိုခံရစဉ်မှာ ပိုချက်တီနိုကပဲ

” သူက သူပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ မိနစ် ၃၀ လောက် ပေးကစားတာက သူ့အတွက် ကောင်းပါတယ်။ အကောင်းမြင်စရာတွေ အများကြီး ရှိခဲ့တယ်။ ကျနော်တို့ ဆက်သွားရမယ်။ ကိုင်ဆီဒိုက ကျနော်တို့အတွက် ကစားသမားကောင်း ဖြစ်လာမှာပါ။ ” လို့ မယုတ်မလွန် မှတ်ချက်ပေးခဲ့ပါတယ်။