မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်ဂရင်းဝုဒ် ကို အသင်းမှာ ဆက် လက်ခံထားဖို့ မဖြစ်နိုင်တော့တာကြောင့် ကစားသမားနဲ့ သဘောတူညီမှု ယူကာ လမ်းခွဲလိုက်ပြီ ဖြစ်ပြီး တနင်္လာနေ့ညကပဲ အတည်ပြု ကြေညာသွားခဲ့ပါတယ်။
သရဲနီဟောင်းကြီး ဂယ်ရီနဗီးလ်ကတော့ ဂရင်းဝုဒ် ကိစ္စ ဆုံးဖြတ်ချက် နဲ့ ပတ်သတ်ပြီး ယူနိုက်တက် အကြီးအကဲ တာဝန်ရှိသူတွေအား ဝေဖန်ပြစ်တင်မှု ပြုလုပ်လိုက်ပါတယ်။
အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားဟာ ချစ်သူ မိန်းကလေးအပေါ် အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်နဝါရီ ၂၀၂၂ တည်းက ယူနိုက်တက်ကနေ ဖယ်ထုတ်ခံထားခဲ့ရတာပါ။
ဒီနှစ် ဖေဖော်ဝါရီမှာ ဂရင်းဝုဒ်က အမှုတွေ အားလုံးကို ရှင်းထုတ်နိုင်ခဲ့ပြီး တရားရုံးဘက်ကလည်း ထင်ရှားတဲ့ သက်သေနဲ့ မျက်မြင်တွေ မရှိတာကြောင့် ဆက်လက် စစ်ဆေးမှု မပြုနိုင်တော့ပါဘူး။
ထိုစဉ်တည်းက စလို့ ယူနိုက်တက်ကလည်း အသင်းတွင်း Internal သီးသန့် စစ်ဆေးမှု ဂရင်းဝုဒ် အပေါ် စတင် ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်ကတော့ ကစားသမားအား တန်ဟက်ရဲ့ အသင်းမှာ ပြန် ထည့်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက် အမျိုးသမီးအသင်းက ကျေနပ်လက်ခံမှု မရှိတဲ့ အပြင် အသင်း ပရိသတ် အများစုကလည်း ဂရင်းဝုဒ် အပြုအမူ အပေါ် ပြန် လက်ခံပေးလိုခြင်း မရှိတဲ့နောက် အသင်းက လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာခဲ့တာပါ။
ယူနိုက်တက် အကြီးအကဲတွေရဲ့ လုပ်ရပ် အပေါ် ဂယ်ရီနဗီးလ်က –
” ဟုတ်ကဲ့.. နောက်ဆုံးတော့ သူတို့ ဆုံးဖြတ်နိုင်လိုက်ပြီပေါ့ဗျာ။ ဒါပေမယ့် သူ ယူနိုက်တက် အတွက် ပြန် မကစားနိုင်တော့ဘူး ဆိုတာ ပထမ Day one တည်းက ရှင်းလင်း သိသာနေခဲ့တာပါ။ ဒါပေမယ့် ဒီကြားထဲ ကြာနေတဲ့ လုပ်ဆောင်ချက်တွေက အတော် စိတ်ပျက်စရာပဲ။
မန်ချက်စတာ ယူနိုက်တက်မှာက ခက်ခဲပြီး လူသိမယ့်ဆုံးဖြတ်ချက်တွေ ချမယ် ဆိုရင် တကယ် ဦးဆောင်နိုင်တဲ့ ပါဝါရှိတဲ့ ထိပ်ပိုင်းက လူတွေက မထွက်နိုင်ဘူး။ ကြံ့ကြာနေတယ်။
အခုလို အိမ်တွင်း အကြမ်းဖက်မှုနဲ့ အမျိုးသမီးရေးရာ ကိစ္စတွေက လွတ်လွတ်လပ်လပ် စုံစမ်း စစ်ဆေး ဆုံးဖြတ်ရတာတွေပါ။ ယူနိုက်တက်က ဒီလို ကိစ္စကြီးကို ဝင်ဆုံးဖြတ်နိုင်တဲ့ အနေအထား မရှိပါဘူး။
လူတွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ ပုံရိပ် ထိခိုက်မှာပဲ ပြောနေကြတယ်။ ပရီးမီးယားလိဂ် လည်း ထိခိုက်မှာပဲလေ။ ကျနော့် အမြင်ကတော့ ပြသနာရဲ့ နက်နဲမှု အရေးကြီးမှုကို မြင်အောင်ကြည့်ပြီး လွတ်လပ် ပွင့်လင်းမြင်သာတဲ့ စစ်ဆေးမှုမျိုး သက်သက် လုပ်ရမှာပါ။
သေချာတာကတော့ ယူနိုက်တက်မှာ အဲဒီလို လုပ်နိုင်တဲ့ အရည်အသွေးရော အရည်ချင်းရော မရှိဘူး။ အခြေအနေ ကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ခဲ့ဘူး။” လို့ ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။