အာဆင်နယ် အသင်းဟာ မနေ့ညက အဝေးကွင်းမှာ ပဲလေစ့်ကို အနိုင် ရခဲ့ပေမယ့် အသင်း နာက်ခံလူ တိုမီယာဆု ဟာ အဝါကဒ် နှစ်ကြိမ် ခပ်လွယ်လွယ် ပြသခံရပြီး နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံရတာကို ရင်ဆိုင်ခဲ့ရပါတယ်။
တိုမီယာဆုဟာ ဘောလုံးကိုင်ထားစဉ် အချိန်ဆွဲနေတာကြောင့် ပထမ အဝါကဒ် ပြသခံခဲ့ရတာပါ။ ဒီစည်းမျဉ်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မြင်တွေ့နေရပြီး ကစားသမား အများစုက အချိန်ဆွဲခြင်းကြောင့် အဝါကဒ်တွေ ပြသ ခံနေရပါတယ်။
ဒါပေမယ့် တကယ် အငြင်းပွားစရာ ဖြစ်ခဲ့တာက ပွဲချိန် ၆၇ မိနစ်မှာ တိုမီယာဆု ရခဲ့တဲ့ ဒုတိယ အဝါကဒ်ပဲ ဖြစ်ပါတယ်။ အန်ဒရီ အရူရဲ့ ဂျာစီကို နောက်ကနေ လှမ်းဆွဲတာကြောင့် အဝါကဒ် ထပ်ပြသခံရကာ နှစ်ဝါ တစ်နီ ဖြင့် ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။
အာတီတာက ဒီရာသီ မစခင်တည်းက ကလပ်တွေကို စည်းမျဉ်းသစ်အကြောင်း ပရီးမီးယားလိဂ်ဘက်က ရှင်းပြ ထားပေမယ့် အဝါကဒ်တွေကို ခပ်လွယ်လွယ်ပြတော့မှာကို စိတ်ရှုပ်ထွေး စိတ်ပျက်နေဟန် ရှိပါတယ်။
‘ ကျနော်က ပွင့်ပွင့်လင်းလင်းသမားပါ။ ကိစ္စတိုင်း နားလည်ပါတယ်။ စည်းမျဉ်းသစ်ကတော့ တစ်ခုခုပါပဲ။ စည်းမျဉ်းသစ်နဲ့ ပတ်သက်ပြီး ဘယ်နေရာမှာ သူတို့ ဘယ်လိုတွေ ဆက်သွယ် စကားပြောကြတယ် မသိပေမယ့် အရမ်းကို ခြားနားတဲ့ ပုံစံဖြစ်ပါတယ်။
ဒါပေမယ့် ကျနော်တို့ လိုက်လျောညီထွေ ဖြစ်လာရမှာပါ။ ဒီနေ့ပွဲ အနိုင်ရတာမို့ ဒီကိစ္စက ပြီးသွားပါပြီ ’အာတီတာက ဖြေပါတယ်။
ဒီရာသီမှာ ဒိုင်လူကြီးတွေဟာ စည်းမျဉ်းတွေကို တသမတ်တည်း ဆုံးဖြတ်နိုင်ဖို့ ရုန်းကန်ရရင် ဘာဖြစ်လာမလဲလို့ အာဆင်နယ် နည်းပြကို မေးခဲ့ပါတယ်။ အာဆင်နယ် နည်းပြကတော့ ၈ ယောက်ကျန်တွေ ကစားလာရတော့မှာပေါ့လို့ ပြန်ဖြေခဲ့တယ်။
အာတီတာကပဲ ‘ ကျနော် မသိပါဘူး။ ကျနော်တို့ ၁၀ ယောက်ကျန်ကစားရမလား၊ ၉ ယောက်ကျန်တွေ၊ ၈ ယောက် ကျန်တွေ ဖြစ်သွားမလား မသေချာပါဘူး။ ကွင်းထဲမှာ နှစ်သင်းလုံး ၈ ယောက် v ၈ ယောက် ယှဉ်ပြိုင် ရတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဖျော်ဖြေမှု ပေးနိုင်လာမှာပါ ’ လို့ တုန့်ပြန်သွားခဲ့ပါတယ်။