ယူနိုက်တက် အတွက် ၂ ပွဲ ကစား၊ ဘာမှ မလုပ်မပြနိုင်သေးခင် ဒဏ်ရာ ရသွားတဲ့ သရဲနီ ကြယ်ပွင့်သစ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားသစ် မေဆန်မောင့်ဟာ ဒဏ်ရာကြောင့် နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ဘောလုံးပြန်ကစားနိုင်ဖွယ် မရှိတော့ဘဲ တစ်လလောက် အနားယူရတော့မယ် လို့ သိရပါတယ်။

စနေနေ့က စပါးအသင်းကို အရေးနိမ့်တဲ့ပွဲမှာ အသေးစား ဒဏ်ရာရခဲ့တာကြောင့် မောင့်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဒီနွေမှာ အနောက်လန်ဒန်ကလပ် ချယ်ဆီးကနေ ယူနိုက်တက် ထံ ပေါင် ၅၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ မောင့်ဟာ ကွင်းထဲမှာ သက်ရောက်မှုတွေ ပြသဖို့ ရုန်းကန်နေရသူပါ။

စပါးနဲ့ပွဲမှာ မေဆန် မောင့်ဟာ ပွဲချိန် ၈၅ မိနစ်မှာ ပယ်လီစတွီဖြင့် လူစားလဲခံခဲ့ရပါတယ်။ ထိခိုက်မှုကြောင့် ဆက်မကစားနိုင်ခဲ့တဲ့ မောင့်ဟာ ဒီအပတ် နော်တင်ဟမ် ဖောရက်စ် ပွဲကို လွဲချော်ဖို့ သေချာခဲ့တာ ဖြစ်ပါတယ်။

ပိုပြီး စိုးရိမ်စရာ ရှိတာက သူဟာ နိုင်ငံတကာ သီတင်းပတ် အပြီးထိ ပြန်ကစားနိုင်ဖွယ် မရှိတာကြောင့် စက်တင်ဘာလ ၃ ရက် နေ့မှာ ယှဉ်ပြိုင်ရမယ့် အာဆင်နယ်နဲ့ အဝေးကွင်းပွဲကိုလည်း လွဲချော်ပါမယ်။

နိုင်ငံတကာ သီတင်းပတ်အတွင်း လက်ရွေးစင်အသင်းမှာ မပါဘဲ အနားယူရနိုင်ဖွယ်ရှိကာ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပြန်လည် စတင်မယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အားမွေးရမှာပါ။

မေဆန် မောင့် မကစားနိုင်ချိန်မှာ ယူနိုက်တက်ဟာ တော်မီနေးကို ပြန်လည် နေရာပေးရဖွယ် ရှိပါတယ်။ ယူနိုက်တက် နည်းပြ တန်ဟက်ဟာ ကွင်းလယ်လူသစ် ရှာဖွေနေဆဲဖြစ်ပြီး ဖီအိုရင်တီးနားမှ အမရာဘက်ချ်ကို သဘောတွေ့နေပါတယ်။