ချယ်ဆီးနဲ့ အာဆင်နယ် ကစားသမားဟောင်းကြီး အီမန်နူရယ် ပီတစ်ကတော့ ဒီနွေမှာ ချယ်ဆီးအသင်းကို ရွေးချယ် ပြောင်းရွှေ့လာတဲ့ ကစားသမား နှစ်ဦးက ငွေကြေး အကျိုးအမြတ် ပိုရလို့ သက်သက်သာ ဖြစ်တယ်လို့ သုံးသပ် မှတ်ချက်ပြုလိုက်ပါတယ်။
ပီတစ်က မွိုက်စ် ကိုင်ဆီဒိုနဲ့ လာဗီယာ တို့ဟာ ချယ်ဆီးအသင်းရဲ့ စီမံကိန်းကြောင့် မဟုတ်ဘဲ ငွေကြေးကြောင့်သာ ပြောင်းလာခဲ့တာ လို့ စွပ်စွဲ ပြောဆိုလိုက်တာပါ။
ကွင်းလယ် ကစားသမား လာဗီယာနဲ့ ကိုင်ဆီဒို တို့ဟာ ချယ်ဆီး အသင်းထံ ပြောင်ရွှေ့ကြေး ပေါင် ၅၅ သန်း၊ ပေါင် ၁၁၅ သန်းတို့နဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပဲ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာပါ။
ထို နှစ်ဦးလုံးဟာ ဥရောပ ပြိုင်ပွဲ ဒီရာသီ ကစားမယ့် လီဗာပူးကို ငြင်းဆန်ပြီး ချယ်ဆီးကို ရွေးချယ်လိုက်တာက ဘောလုံးလောကမှ အံ့အားသင့်စရာ လည်း ဖြစ်ခဲ့ပါတယ်။
ပီတစ်က ” လီဗာပူးက ချိတ်ဆက်ပြီး သဘောတူညီမှုရသွားတဲ့ကြားက ကိုင်ဆီဒိုက ချယ်ဆီးကို ရွေးတယ်။ လာဗီယာလည်း ဒီလိုပဲ။ ကျနော် ဘာမှတော့ လွန်လွန်ကျူးကျူး မပြောချင်ပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး ချယ်ဆီး ကို ဘာလို့ ရွေးလဲ အားလုံး သိကြတာပဲ။ အားကစား ပိုင်း အရ ပြောမယ် ဆိုရင် ခုနေ လီဗာပူးကို ရွေးတာကမှ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ။
ကျနော်သာ ကိုင်ဆီဒို ဒါမှမဟုတ် လာဗီယာ ဆိုရင် ချယ်ဆီးထက် လီဗာပူး ကို ရွေးမှာ။ ချယ်ဆီးမှာ သေချာ ရှင်းလင်းတဲ့ ဘာပလန်မှ ရှိမနေဘူး။ ကစားသမား ၃၅ ယောက်နဲ့? သူတို့ ကစားသမား ဘယ်နှယောက်ထိ လိုမှာလဲ ပြောကြည့်ကြဦး။ ပြီးခဲ့တဲ့ရာသီကလို အိပ်မက်ဆိုးနဲ့ ကြုံဦးမှာပဲ။
ကျနော့် အမြင်အရ ကိုင်ဆီဒိုနဲ့ လာဗီယာ တို့ ဘာလို့ ချယ်ဆီး သွားခဲ့သလဲ ဆိုရင် အဖြေက ရှင်းရှင်းလေး။ ပိုက်ဆံကြောင့်ပဲ။ ပိုက်ဆံကလည်း ကလပ်အသင်းတွေနဲ့ ကစားသမားတွေ အတွက် အတော် စကားပြောတယ်လေ။ ” လို့ ရှင်းလင်း ထောက်ပြသွားခဲ့ပါတယ်။