ကွင်းပိတ်ခြေစမ်းပွဲပါ ကြိတ်ရှုံးနေတဲ့ မန်ချက်စတာ ယူနိုက်တက်၊ ဖိအားတွေ များလာနေတဲ့ တန်ဟက်နဲ့ ရစ်ချက်အာနိုး

မန်ချက်စတာ ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့ က ကာရင်တန် ထရိန်နင်ကွင်းမှာ ဘန်လေနဲ့ ကွင်းပိတ် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၃-ဝ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တယ် လို့ သိရပါတယ်။

ထိုပွဲမှာ မာရှယ်၊ ဗန်ဒီဘိခ်၊ တော်မီနေး၊ အီဗန်စ်၊ မာ့ချ်ဘရီ၊ အယ်ဗရို ဖာနန်ဒက်စ် တို့ ပွဲထွက် ကစားခဲ့တယ် လို့လည်း ဖော်ပြနေကြပါတယ်။

ဗင်းဆင့်ကွန်ပနီရဲ့ ဘန်လေ အသင်းကို ရှုံးခဲ့တဲ့ ပွဲမှာ ယူနိုက်တက် ဘက်က အသင်းပြောင်းဖွယ် ရှိသူ အများအပြား ပွဲထွက် ကစားခဲ့ပါတယ်။ အေဂျက်က ဗန်ဒီဘိခ်ကို ပြန်ခေါ်ဖွယ် ရှိနေသလို မာရှယ် အတွက် ဆော်ဒီဘက်က ကမ်းလှမ်းမှုကောင်း ရဖို့လည်း တန်ဟက်က စောင့်ဆိုင်းနေပါတယ်။

နည်းပြ တန်ဟက် အတွက်တော့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဝုဗ်ကို ကံကောင်းလို့ နိုင်ခဲ့ပေမယ့် စပါးကို ၂-ဝ နဲ့ ရှုံးခဲ့သလို အခုလို ကွင်းပိတ် ခြေစမ်းပွဲမှာလည်း အပြတ်အသတ် ရှုံးတယ် သတင်းထွက်လာတာကြောင့် ဖိအားတွေ ပိုများလာနေပါတယ်။

ကလပ်အသင်းဘက်မှာလည်း မေဆန် ဂရင်းဝုဒ် ထွက်ခွာမှုကြောင့် ရိုက်ခတ်မှု ကြီးစွာ ခံယူနေရပါတယ်။ ကစားသမားကို အသင်းတွင်း internal စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သော်လည်း အချိန်ကြာတာ သက်သက်ပဲ ဖြစ်ခဲ့ကာ လုံလောက်တဲ့ ပြတ်သား တိကျမှု ရှိရှိ အဖြေမျိုး ထွက်မလာခဲ့ဘဲ အပြင် ဖိအားတွေကြောင့် ကစားသမားနဲ့ ကမန်းကတန်း လမ်းခွဲခဲ့ရပါတယ်။

ထို ဖြစ်ရပ်ကြောင့်လည်း ယူနိုက်တက် အကြီးအကဲ ရစ်ချက် အာနိုး အပေါ် ဖိအားတွေ တိုးနေကာ သူ့ရဲ့ ကိုင်တွယ် ပုံ အတွက် ဝေဖန်မှုတွေ များစွာ ခံယူနေရပါတယ်။

ဘန်လေနဲ့ ခြေစမ်းပွဲကို ကြိတ် ရှုံးလိုက်တာက ယူနိုက်တက်ဟာ စိတ်ဓာတ်ပိုင်း ဘာမြှင့်တင် ပြောင်းလဲမှုမှာ ဒီကြားထဲ လုပ်မထားနိုင်သေးဘူး ဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။