အာဆင်နယ် အသင်းရဲ့ စနေနေ့ည အမ်းမရိတ်မှာ ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်ကတော့ ၂-၂ သရေ ရလဒ်နဲ့သာ ပြီးဆုံး သွားခဲ့ပါတယ်။ အာတီတာရဲ့ အသင်းကို အတော် မျှော်လင့်ခဲ့ကြပေမယ့် ဂန်းနားတို့ဟာ ပွဲပြီးခါနီးမှ ချေပဂိုးပေးလိုက်ရတာကြောင့် အနိုင်ရတဲ့ထိ ပန်းတိုင် မရောက်ခဲ့ပါဘူး။
ဂန်းနားဟောင်းကြီး တစ်ဦး ဖြစ်တဲ့ မာတင်ကီယွန်ကတော့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ဒီလိုပုံစံနဲ့ ခြေချော်သွားခဲ့တာ ဖြစ်ကြောင်း ပွဲအပြီးမှာ မှတ်ချက်ပြုရင်း သတိပေးလိုက်ပါတယ်။
” ၁ဝ ယောက်ကျန် ဖူလ်ဟမ်အသင်းကို ထောင့်ကန်ဘောကနေ ဂိုးပေးလိုက်ရတယ် ဆိုတာက မဖြစ်သင့်ဘူး။ ပါလင်ညာ က ဧရိယာထဲမှာ လွတ်လွတ်လပ်လပ်ပဲ။ ဘယ်သူကမှ သူ့နားမှာ ကပ်မနေဘူး၊ ဒီတော့ ချေပဂိုး သူ သွင်းလိုက်တယ်။
အိမ်ကွင်းမှာ ဒီလို ခြေစွမ်းမျိုးတွေက အာဆင်နယ် ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာလည်း လုပ်ခဲ့တယ်။ ဒီပုံစံကပဲ အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့် အရေးကနေ ရပ်တန့်ခံလိုက်ရတာ။ သူတို့အတွက်တော့ ဒီနေ့က စိတ်ပျက်စရာပဲ။ ဒီကနေ သင်ခန်းစာ ယူမှ ဖြစ်မယ်။ ” လို့ ကီယွန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပွဲအစ တစ်မိနစ်တည်းက ဦးဆောင်ဂိုး ပေးခဲ့ရတာ ဖြစ်ပြီး ဒုတိယပိုင်းမှ ဆာကာ ပင်နယ်တီကနေ ချေပဂိုး၊ မိနစ်ပိုင်း အကြာမှာပဲ အန်ကတ်တီးယားက ဒုတိယဂိုး သွင်းယူခဲ့ကာ အနိုင်ရပြီ ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့် ၈၇ မိနစ်မှာ ဖူလ်ဟမ်က ချေပဂိုး ပြန်သွင်းသွားတာကြောင့် ဂန်းနားတို့ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။