ဂိုးတွေ အရင်ပေးရပေမယ့် မန်ယူ နိုင်မယ်လို့ အေးဆေးကြိုသိထားတဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဖောရက်စ်နဲ့ ပွဲကတော့ ၃-၂ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။ နော့တင်ဟမ် ဖောရက်စ် က ပွဲအစပိုင်းမှာတင် ၂ ဂိုး သွင်းသွားတာကြောင့် ယူနိုက်တက်တို့ အကြပ်ရိုက်ခဲ့ရပြီး နောက်ကနေ လိုက် ကစားခဲ့ရတာပါ။

ပထမပိုင်းမှာ အဲရစ်ဆန် သွင်းဂိုးကြောင့် တစ်ဂိုး ပြန်ချေနိုင်ခဲ့ပြီး ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာမှ နောက်ထပ် ချေပဂိုး တစ်ဂိုးနဲ့ အနိုင်ဂိုးတို့ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကတော့ အမှားတွေ အတွက် ဝန်ခံခဲ့ပေမယ့် လိုချင်တဲ့ ပွဲရလဒ် ကို ရယူနိုင်ခဲ့လို့ ကျေနပ်ကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်က ” ကျနော်တို့အတွက် ကောင်းမွန်တဲ့ အစမဟုတ်ပေမယ့် ကျနော်တို့ ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့တယ်။ ဘောလုံးကို ထိန်းထားခဲ့တယ်၊ မှန်ကန်တဲ့ ကိစ္စတွေ လုပ်နိုင်ခဲ့ပါတယ်။ သူတို့ ကစားသမားတွေ အများကြီးနဲ့အတူ ခံစစ်ပိတ်ကစားတာ ကောင်းတာကြောင့် ကျော်ဖြတ်ဖို့ ခက်ခဲခဲ့တယ်။

ကျနော်တို့ ရချင်တဲ့ ရလဒ်ကို ရခဲ့တာပဲလေ၊ ဒါကပဲ အရေးအကြီးဆုံးပါ။ ပွဲကို ပြောင်းလဲဖို့ ကျနော်တို့မှာ အချိန် ရှိတာကို သိခဲ့တာကြောင့် တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျနော်တို့ ဘောလုံးကို ခံစစ်ကနေ တည်ဆောက်ပြီး ယုံကြည်မှု ပြန်ရှာခဲ့တယ်။ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့ပါတယ်။

ပွဲအစ ၄ မိနစ်ကလွဲရင် အသင်းရဲ့ စွမ်းဆောင်ရည် အားလုံးက သိပ်ကောင်းခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကစားသမားတစ်ယောက် ဆိုတဲ့ အဓိပ္ပာယ်ကို ကျနော်တို့ သိပါတယ်။ ဒီဂျာစီ ဝတ်ထားရင် ရမယ့် တောင်းဆိုမှုကို ကျနော်တို့ နားလည်ပါတယ်။

အသင်းဟာ စိတ်ဓါတ်ကောင်းတွေ၊ ပြင်းပြမှုနဲ့ စိတ်ဆန္ဒကောင်းတွေကို ပြသခဲ့တယ်။ ပွဲခပ်စောစောမှာ ဂိုးတွေ မပေးရအောင် ကြိုးစားရမယ် ဆိုတာကို သတိပြုမိဖို့ လိုပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။