မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့ည အဝေးကွင်းမှာ ရှက်ဖီးယူနိုက်တက်ကို ခက်ခက်ခဲခဲ ရင်ဆိုင် ကစားခဲ့ရပေမယ့် ၂-၁ နဲ့ အနိုင်ရကာ ထိုက်တန်တဲ့ ၃ မှတ်ပြည့် ရယူသွားပါတယ်။ ဒီနိုင်ပွဲကြောင့် စီးတီးတို့ ၃ ပွဲ ကစား ၃ ပွဲ နိုင်ပြီး အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။
အိမ်ရှင် ရှက်ဖီးကို စီးတီးတို့ တစ်ပွဲလုံး နီးပါး ဖိကစားနိုင်ခဲ့သလို အခွင့်အရေး များစွာရခဲ့ပေမယ့် ဂိုးရဖို့ ခက်ခဲနေခဲ့တာပါ။ ပွဲချိန် ပထမပိုင်းမှာ ပင်နယ်တီ ရပေမယ့် ဟာလန်း ကန်သွင်းရာမှာလည်း တိုင်ထိပြီး ပြန်ထွက်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဂရီလစ်ထံက ဖြတ်တင်ဘောကို ဒုတိယပိုင်းမှာ ဟာလန်း ခေါင်းတိုက် သွင်းပြီး ဦးဆောင်ဂိုး ရခဲ့ပေမယ့် အဲဒီနောက် အဆင်ပြေပြေနဲ့ ပွဲပြီးခဲ့တာ မဟုတ်ပါဘူး။
ပွဲချိန် ၈၅ မိနစ်မှာ ရှက်ဖီးတို့ ချေပဂိုး သွင်းလိုက်တာကြောင့် မန်စီးတီးတို့ အနည်းငယ် ပြာသွားခဲ့သေးပြီး မိနစ်ပိုင်း အကြာမှာပဲ ရိုဒရီက စီးတီး အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက မန်စီးတီးဟာ အခက်အခဲတွေ ကြားကပဲ နိုင်ပွဲ ရအောင်ယူပြီး အသင်းကြီးဆိုတာ ဘာလဲ ပြသခဲ့တယ် လို့ သဘောတကျ ချီးကျူးသွားခဲ့ပါတယ်။။
ကာရေဂါက ” စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲအဖြစ် အဆုံးသတ်ခဲ့တယ် မဟုတ်လား။ ရှက်ဖီးက ၁-၁ ရလဒ် ယူလိုက်တဲ့ အချိန်မှာ မန်စီးတီးတို့ နည်းနည်းပြာသွားတယ် ထင်မိပါတယ်။ ပရိသတ်တွေထံက ရတဲ့ အားနဲ့ ရှက်ဖီးတို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။
မန်စီးတီးတို့ တည်တည်ငြိမ်ငြိမ် ရှိနေဖို့ လိုအပ်ခဲ့တာပါ။ အဆုံးမှာတော့ မန်စီးတီးက သူတို့ရဲ့ အဆင့်အတန်းကို ပြသသွားပါတယ်။ ထိပ်တန်း အသင်းဆိုတာ ဒီလိုဖြစ်နေရမယ် ဆိုပြီးပေါ့ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။