ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ်ဟာ သူ့ကို ဝေဖန်လို့ ကိုယ်တိုင် တိုက်ရိုက် မက်ဆေ့ပို့ ဆက်သွယ်ပြောဆိုမှုတွေ လုပ်လာခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး ရီယို ဖာဒီနန်က ဖွင့်ချလာပါတယ်။
ဘရာဇီးသား ဗဟိုခံစစ်မှုး ဂါဘရီရယ်ရဲ့ စိတ်မြန်လက်မြန် လုပ်ချက်၊ ဆုံးဖြတ်ချက်တွေ အပေါ် ဖာဒီနန်က မကြာခဏ ဝေဖန်ဖူးပြီး ဂါဘရီရယ်ရဲ့ အပြုအမူတချို့က အာဆင်နယ် အသင်း အမှတ်တချို့ လျော့သွားသည်ထိ ထိခိုက်ခဲ့ဖူးပါတယ်။
ဧပြီလတုန်ကး ဝက်စ်ဟမ်းနဲ့ ၂-၂ သရေကျတဲ့ ပွဲမှာ ဂါဘရီရယ်ကြောင့် ပင်နယ်တီ တစ်လုံး ပေးခဲ့ရပြီး ဖာဒီနန် က အာဆင်နယ် နောက်ခံလူရဲ့ သွေးဆူ သွေးပူလွယ်တဲ့ ကိစ္စကို ထပ် ပြောခဲ့တာပါ။
” ကျနော် ခဏခဏ ပြောဖူးပါတယ်။ ဂါဘရီရယ်က အလောတကြီး လုပ်တယ်။ ရူးရူးမိုက်မိုက် ဆုံးဖြတ်ချက်တွေလည်း ချတယ်။ နောက်ခံလူ တစ်ယောက် အနေနဲ့က သွေးအေးရမယ်။ သူက မလိုအပ်တာတွေ သွားသွားလုပ်နေတယ်။
မန်နေဂျာ တစ်ယောက် အနေနဲ့ ဆို ဒါမျိုး ဘယ်မြင်ချင်မှာလဲ။ သူက အသင်းကို ပေါက်ကွဲအောင် ခဏခဏ လုပ်နေတဲ့ သူ မျိုး ဖြစ်နေတယ်။ အဲဒီကျ ‘ငါ ဒီ ကစားသမား အပေါ် အားထားလို့ ရပါ့မလား ‘ ဆိုပြီး တွေးလာမှာပဲ။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။
နောက် ၄ လ အကြာ၊ လက်ရှိ ပရီးမီးယားလိဂ် ရာသီသစ် စချိန်မှာတော့ အာတီတာ မှာလည်း ဖာဒီနန် ပြောခဲ့သလို သံသယတွေ ဝင်လာဟန် ရှိပြီး ဂါဘရီရယ်အား လိဂ်ပွဲ အဖွင့်ပွဲ ၃ ပွဲ ဆက်တိုက် ပွဲထွက်ကနေ ချန်လှပ်ထားခဲ့ပါတယ်။ အပြောင်းအရွှေ့ ကောလဟာလတွေလည်း ထွက်ပေမယ့် တင်ဘာ ဒဏ်ရာ ရသွားတာကြောင့် ဂါဘရီရယ် က ဆက်ရှိနေဖို့ များနေပါတယ်။
ဘရာဇီးသား နောက်ခံလူ အား အခုလို ချန်လှပ်ထားတာ အတွက် ပရိသတ်တွေ အံ့အားသင့်နေကြပေမယ့် ဖာဒီနန် ကတော့ မအံ့သြလှဘဲ ပြီးခဲ့တဲ့ရာသီတုန်းက ဂါဘရီရယ် သူ့ကို ဘာလုပ်ခဲ့သလဲ ဆိုတာ ဖော်ထုတ်လာပါတယ်။
” ဂါဘရီရယ် လုပ်တာတွေ မှားနေတယ် ဆိုတာ ပြီးခဲ့တဲ့ နှစ်တည်းက ကျနော် ပြောပါတယ်။ ဒါပေမယ့် သူ မကြိုက်ဘူးနော်။ ကျနော့်ဆီ သူ တိုက်ရိုက် မက်ဆေ့ချ် လာပို့တယ်။
မက်ဆေ့ချ်ထဲမှာ ကျနော့် အတွက် နည်းနည်း ပြောရခက်တာတွေ ပါတယ်။ ဒီနေ့ခေတ် ကစားသမားတွေက ဝေဖန်မှုတွေ ကို မခံနိုင်ကြဘူး။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ ကျနော့်ဆီကို ကစားသမား တချို့က အေးဂျင့်ကနေ တဆင့် ဆက်သွယ်လာတာတွေ ရှိဖူးပါတယ်။
ကျနေ်ာကတော့ သူတို့ကို ပြောတယ်။ ‘ မင်းတို့ အေးဂျင့်ကနေ တဆင့် ငါ့ဆီကို စကား ပြောရမှာ မဟုတ်ဘူးလား။ အေးဂျင့်ကကို ကစားသမား ကိုယ်တိုင် ပြောခွင့် ပြုထားတာ ဟုတ်တယ် ဆိုရင် လာခဲ့၊ ငါလည်း ပြန် စကားပြောမှာပေါ့။ ပြသနာ မရှိဘူး။ ‘ လို့။
ဂါဘရီရယ် ကျနော့်ဆီ တိုက်ရိုက် ဆက်သွယ်လာတယ်။ ကျနော် သူ့ကို လေးစားမှု ထားပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ဒီလို ဆက်သွယ်တာက သူ ဘာတွေ ဖြစ်လာနိုင်လဲ သူ သိပုံမရဘူး ထင်တယ်။ ” လို့ ဖာဒီနန်က ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဖူလ်ဟမ်ကို ၂-၂ နဲ့ သရေကျပြီးနောက် အာဆင်နယ် နည်းပြ အာတီတာဟာ ဂါဘရီရယ်ကို ပွဲထွက်မှာ ပြန်ထည့်ဖို့ စဉ်းစားနေဟန်တော့ ရှိပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ အာဆင်နယ်က မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမှာပါ။