ဒိုလေးနဲ့ တန်းတူ ဆော်ဒီမှာ လုပ်ခ အမြင့်ဆုံး ရမယ့် ကမ်းလှမ်းမှု ရမယ့် မိုဆာလာ လီဗာပူး ကနေ ထွက်မှာလား

တိုက်စစ်မှုး မိုဟာမက် ဆာလာ က ဒီအပတ် ဈေးကွက် ပိတ်ချိန်မှာပဲ လီဗာပူးကနေ ထွက်ခွာလိမ့်မယ်လို့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း Jan Aage Fjortoft က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဆာလာကို လုံးဝ လက်မလွတ်လိုတာကြောင့် ဆော်ဒီကလပ် Al-Ittihad အသင်းရဲ့ ချဉ်းကပ်မှုကို ပယ်ချထားတာပါ။ နယူးကာဆယ် ပွဲအပြီးမှာ နည်းပြကလော့ပ်က ဆာလာရဲ့ ဇာတ်လမ်းတွေဟာ သူ့အတွက်တော့ အဆုံးသတ်သွားပြီ၊ အသင်းက ထွက်မှာ မဟုတ်တော့ဘူး လို့ ထုတ်ပြောခဲ့ပါသေးတယ်။

ဒါပေမယ့် ဆော်ဒီချန်ပီယံက ဆာလာကို ကြိုးစားနေမှုအား ရပ်တန့်သွားခြင်း မရှိသလို လိဂ်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားအဖြစ် ရော်နယ်ဒိုနဲ့ တူညီတဲ့လုပ်ခမျိုး ပေးဖို့ထိ ဆန္ဒရှိပါတယ်။

ဒါကြောင့်ပဲ Fjortoft က ” ဒီအပတ်မှာပဲ ဆာလာ လီဗာပူးကို စွန့်သွားတော့မယ် လို့ ကျနော် နားလည်ထားပါတယ်။ ကစားသမားနဲ့ လီဗာပူးကို ဆော်ဒီဘက်ကပေးမယ့် ငွေကြေးက နည်းနည်းနောနာ မဟုတ်ပါဘူး ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီလိဂ်ဟာ ပရီးမီးယားလိဂ် ဈေးကွက် ပိတ်ချိန်ထက် ရက်ပေါင်း ၂၀ နောက်ကျပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှ ပိတ်သိမ်းမှာပါ။ ဒါကြောင့်လည်း ပရီးမီးယားလိဂ် ကလပ်တွေဟာ ရှုပ်ထွေးတဲ့ ဈေးကွက်ကို ဒီအပတ် ကျော်ချိန်မှာ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

လီဗာပူးဘက်က ဆာလာကို ဒီနွေမှာ ရောင်းထုတ်မယ်ဆိုရင် ယူရို သန်း ၁၅၀ လောက်ထိ ရနိုင်သလို ဆာလာ ကလည်း ဆော်ဒီလိဂ်ရဲ့ လုပ်ခ အမြင့်ဆုံးရ ကစားသမား ဖြစ်မယ့် ပမာဏထိ ကမ်းလှမ်းခံရမှာ ဖြစ်ပါတယ်။