အန်းဖီးမှာ ဆိုပေမယ့် လီဗာပူးက အက်စတွန်ဗီလာကို မနိုင်ဘူး ခန့်မှန်းလာတဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည ၇ နာရီခွဲ အချိန်၊ အန်းဖီးကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ပေါမာဆန်ကတော့ လီဗာပူးနဲ့ ဗီလာတို့ ပွဲ အတွက် ကြိုတင် သုံးသပ်လာခဲ့ပြီး အိမ်ရှင် လီဗာပူးတို့ အခြေမလှ ဖြစ်မယ်လို့ ယူဆနေပါတယ်။

ပေါမာဆန်က ” ဒီပွဲကတော့ တကယ်ကို ပွဲကောင်း ဖြစ်မှာ။ ပထမ သီတင်းပတ်တုန်းက နယူးကာဆယ်ရဲ့ အပြတ်အသတ် ချေမှုန်းခြင်း ခံခဲ့ရပေမယ့် အက်စတွန်ဗီလာ ပြန်လာနိုင်ခဲ့ပုံက သဘောကျစရာပါ။

ကျနော် အူနိုင်း အမ်မရီရဲ့ အသင်း ကိုင်တွယ်ပုံကိုလည်း သဘောကျမိတယ်။ သူတို့က မူရင်း ပုံစံအတိုင်း ဆက် ကြိုးစားနေပြီး ပြီးခဲ့တဲ့ရာသီကလို ဂိုးမြူးတဲ့ အသင်း ပြန် ဖြစ်လာနေပါပြီ။

ဒီတပတ် ပွဲမှာလည်း သွင်းဂိုးတွေ အတော် မြင်ရမှာပါ။ ဗန်ဒိုက်က လီဗာပူး အတွက် မပါနိုင်ဘူး။ လီဗာပူး အနေနဲ့ ခံစစ်က ယိုပေါက်ကို ထိန်းနိုင်ဖို့ အတော် ခက်ပါလိမ့်မယ်။

ဗန်ဒိုက် မပါနိုင်တာက ဒီပွဲမှာ အတော် အဓိက ကျတဲ့ အချက် ဖြစ်သွားမယ် လို့ ကျနော် ထင်နေတယ်။ ဒါပေမယ့် လီဗာပူးရဲ့ လူစာရင်းကို ကြည့်လိုက်ရင် ဒီရာသီ အတွက် အလားအလာကောင်းတွေ ရှိနေတယ်လို့ မြင်ပါတယ်။

ကျနော်က ဆိုဘိုစလိုင်း အမာခံ ပရိသတ် ပါ။ ပြီးခဲ့တဲ့ အပတ် နယူးကာဆယ်နဲ့ ပွဲမှာ သူက လီဗာပူးအသင်းရဲ့ ဓားသွား တစ်ခုလို နေရာစုံ မွှေနှောက်ခဲ့ပါတယ်။

သူက ခွန်အား အပြည့်ပဲ။ ကွင်းထဲ ဝင် ကစားပြီ ဆိုတာနဲ့ ဘာမှ ငေးငေါင်မနေဘူး။ ဒီလို ကစားသမားမျိုးကို မန်နေဂျာတိုင်း လိုချင်တာပါ။ သူက ဒီရာသီ လီဗာပူးရဲ့ အကောင်းဆုံး ကွင်းလယ် သမား ဖြစ်နေပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-၂ အက်စတွန်ဗီလာ ဖြစ်ပါတယ်။