မန်ချက်စတာ ယူနိုက်တက်က ဒီတပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဝေးကွင်း အမ်းမရိတ်မှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာပါ။
ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်ချက်စတာ ယူနိုက်တက်ကတော့ တစစီ ဖြစ်နေတော့တာပါပဲ၊ အထူးသဖြင့် ကွင်းလယ်မှာပါ။ သူတို့ ပြန်ပြီး စုဖွဲ့ဖို့ လိုနေတယ်။ သရဲနီတွေဟာ နောက်ထပ် ကွင်းလယ် အထိုင် ကစားသမား တစ်ယောက် အသည်းအသန် လိုအပ်နေပါတယ်။
ဒီရာသီ ပွဲစဉ်တိုင်း ကာဆီမီရို ပါဝင်နိုင်မယ် လို့ သူတို့ မျှော်လင့်လို့ မရဘူး။ သူတို့ ရှေ့က တိုက်စစ် အင်အားနဲ့ ဆိုရင် အခုထက် ပိုပြီး ကောင်းကောင်း လုပ်နိုင်သင့်ပါတယ်။ ဒါပေမယ့် သူတို့ ကွင်းလယ်က ဖြတ်တောက်ရ သိပ် လွယ်ကူနေတယ်။
ဝုဗ်၊ စပါးနဲ့ ဖောရက်စ် ပွဲတွေမှာ သူတို့ အခက်တွေ့နေတဲ့ အကြောင်းအရင်းက အဲဒါပါပဲ။ ဒါကို မဖြေရှင်းနိုင်ရင်တော့ ပွဲတိုင်း သူတို့က အားနည်းချက် ရှိနေတော့မှာပဲ။
အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ရာသီကလို မဟုတ်ဘဲ ဒီရာသီ ဖိအားတွေ ရှိနေပါပြီ။ ဒါကြောင့်ပဲ ဒီတပတ် ပွဲက ဂန်းနားတွေ အတွက် ပို ကြီးလေးတဲ့ ပွဲ ဖြစ်နေမှာပါ။ သူတို့ ဒီပွဲကိုသာ ရှုံးလိုက်ရင် ဒီတပတ်ကုန်မှာ မန်ချက်စတာ စီးတီးနဲ့ ၅ မှတ် ပြတ်သွားတော့မှာ။
ပွင့်ပွင်းလင်းလင်း ဝန်ခံရရင်တော့ ဒီပွဲက ပြောရ အတော်ခက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း အတက် အကျတွေ ရှိနေတယ် ဆိုသည့်တိုင် ပွဲအခြေအနေတွေကို ပြောင်းလဲနိုင်စွမ်း ရှိနေပါတယ်။
ဒါပေမယ့် ကျနော် အာဆင်နယ်ကိုပဲ ရွေးပါမယ်။ သူတို့က အိမ်ကွင်း အားသာချက် ရှိနေတာကိုး။ ဒါမှမဟုတ်ဘဲ ပြောင်းပြန် ရလဒ်လည်း ဖြစ်သွားနိုင်ပါတယ်။
ဂါဘရီရယ် မက်ဂါဟေးစ်နဲ့ ပတ်သတ်ရင် တစ်ခုခု ရှိနေတယ်လို့ ကျနော် ထင်တယ်။ အာတီတာ အနေနဲ့ ဂါဘရီရယ် – ဆာလီဘာ ဗဟိုခံစစ် အတွဲ ခိုင်မာပြီးသားကို ဘာကြောင့် ဖျက်လိုက်လဲ ကျနော်တော့ နားမလည်နိုင်အောင်ပဲ။
ပြီးခဲ့တဲ့ ရာသီက သူတို့အတွဲနဲ့ အတော် အလုပ်ဖြစ်ခဲ့တာ။ ဒီတော့ ပွဲထွက်မှာ ချန်လှပ်တာ ဆိုတာထက် ဂါဘရီရယ်နဲ့ ပတ်သတ်ပြီး အကြောင်းပြချက် သက်သက် ရှိနေမယ် ထင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။