ဒီ တနင်္ဂနွေညမှာတော့ အမ်းမရိတ်ကွင်းမှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ထိပ်တိုက် ရင်ဆိုင် တွေ့မှာ ဖြစ်ပါတယ်။
အာဆင်နယ် ကစားသမားတွေ ဖြစ်တဲ့ မာတင်နယ်လီနဲ့ ဗီအဲရာ ကတော့ ယူနိုက်တက်နဲ့ ပွဲ အနိုင်ကန်မှာ ဖြစ်ကြောင်း ပွဲကြိုစကား ပါးလာပါတယ်။
မာတင်နယ်လီက “ ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်မှာပါ၊ ကျနော်တို့ကလည်း ဒီလို ပွဲခက်ခက်တွေကိုပဲ မျှော်လင့်နေတာပါ၊ ဒီပွဲအတွက် အဆင်သင့်ပါပဲ။ ကျနော်တို့ ကြိုးစားပြီး အစွမ်းကုန် အားထုတ်သွားမယ်၊ ကိုယ်ကွင်း ကိုယ့်ပရိသတ်ရှေ့မှာ အနိုင်ရအောင် ကြိုးစားမယ်။
ဘရာဇီး ကစားသမားချင်း ယှဉ်ပြိုင်ရမှာကလည်း သိပ်ကောင်းပါတယ်။ အန်တိုနီကို ကံကောင်းပါစေ ဆုတောင်း ပေးပါတယ် ဒါပေမယ့် ဒီပွဲကိုတော့ ကျနော်တို့ပဲ နိုင်လိုပါတယ် ” လို့ ပွဲကြိုမှာ ထုတ်ပြောလာခဲ့တယ်။
ဗီအဲရာကည်း “ ဒါက ကြီးကျယ်တဲ့ ပြိုင်ဘက်တွေ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ နှစ်သင်းလုံးက ထိပ်သီးအသင်းတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ကစားရမှာမို့ ကျနော်တို့ နိုင်ချင်ပါတယ်။
မန်ယူနိုက်တက်မှာ အရည်အချင်းရှိသလို ကျနော်တို့မှာလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ အိမ်ကွင်းမှာ ကစားမှာဆိုတော့ အနိုင် ၃ မှတ်ရဖို့ လိုပါတယ် ” ဆိုပြီး ပြောဆိုသွားတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၃ ပွဲ ကစားထားပြီးချိန်မှာ အာဆင်နယ်ဟာ ၇ မှတ်၊ မန်ချက်စတာ ယူနိုက်တက်က ၆ မှတ် ရထားကြတာပါ။
စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွင်း ဝင်ရောက်တော့မယ့် အချိန်မှာ မန်စီးတီးနဲ့ ရမှတ် မပြတ်စေရေး ဒီပွဲ အနိုင်ရဖို့ နှစ်သင်းလုံးက စိတ်အားထက်သန်နေပါတယ်။