ဒီပုံအတိုင်းဆို အာဆင်နယ်မှာ World-class မဖြစ်နိုင်ဘူး သတိပေးခံလိုက်ရတဲ့ ဒီကလန်ရိုက်စ်

ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ်ကို အာဆင်နယ် နည်းပြ အာတီတာက ကွင်းလယ် တိုက်စစ် နေရာမှာပဲ ထား ကစားမယ် ဆိုရင် အင်္ဂလန်သားဟာ World-class အဆင့်ထိ ဖြစ်လာမှာ မဟုတ်တော့ဘူးလို့ သရဲနီဟောင်းကြီး အိုဝင် ဟားဂရေ့ဗ်က သတိပေးစကား ဆိုလိုက်ပါတယ်။

” ပထမဆုံး ပြောချင်တာကတော့ လူတိုင်း လူတိုင်း ဒီကလန် ရိုက်စ် ဆိုရင် ချစ်ခင်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက တကယ်ကို ချစ်စရာ ခင်စရာ လူတစ်ယောက်ပါ။ ကျွန်တော်တို့တောင် အင်တာဗျူး လုပ်ရင် သူ့ကို သဘောကျတယ်။ ” လို့ ဟားဂရေ့ဗ်က အစချီ ပြောဆိုလာပါတယ်။

” သူက စူပါ ပလေယာ တစ်ယောက်ပါ။ ဒါပေမယ့် ဒီလို နံပါတ် ၈ နေရာကနေပဲ ကစားသွားမယ် ဆိုရင်တော့ သူက ကမ္ဘာ့ အဆင့် ကစားသမား ဖြစ်လာမယ် လို့ ကျွန်တော် မထင်ဘူးဗျ။ သူ ကမ္ဘာ့အဆင့် လယ်ဗယ် ထိ ရောက်မှာက ကွင်းလယ် ခံစစ် နေရာပဲ။ ရိုဒရီ လို မျိုးပေါ့။

မီခေးလ် (အာတီတာ) က သူ့ကို တိုက်စစ် ပိုလိုက်ခိုင်းနေတာ စိတ်ဝင်စားစရာပဲ။ ကစားသမား ဆီက ဘာတွေ ပို ထွက်လာနိုင်မလဲ သူ စောင့်ကြည့်နေပုံပါ။ ဒါကို ကျွန်တော် သဘောကျပါတယ်။ ရိုက်စ်ကလည်း ဒါကို လုပ်ပြနိုင်မယ် လို့ ကျွန်တော် ယုံတယ်။

သူ ဂိုးတွေ ပိုသွင်းနိုင်မယ်။ assists တွေ ပို လုပ်နိုင်မယ်။ ဒါပေမယ့် အာဆင်နယ်မှာ ဘောလုံးနဲ့ အတူ လိုက် ကစားတဲ့ ကစားသမားတွေ အများကြီး ရှိပြီးသားပါ။ အခု သူက ရှေ့ပိုတက် ကစားတယ်၊ ဧရိယာထဲ ထိ ဝင်တယ်ပေါ့။

ဝက်စ်ဟမ်းမှာ ဆိုရင် ဒါမျိုး ကျွန်တော် မလုပ်နိုင်ပါဘူး။ ဒါပေမယ့် အဲဒီလို ဒီကလန် ရိုက်စ်ကို ကျွန်တော် ကြိုက်တယ်။ သူက ဆုဖလားတွေ ယှဉ်ပြိုင်ရဖို့ ထိုက်တန်ပါတယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်း၊ စိတ်သဘောထားပိုင်းလည်း သဘောကျစရာပါ။ ” လို့ အိုဝင် ဟားဂရေ့ဗ်က ဆိုခဲ့ပါတယ်။

ရိုက်စ်ဟာ အာဆင်နယ်မှာ ကွင်းလယ် ၃ ယောက်တန်း အဖြစ် ဟာဗက်၊ အိုဒီဂတ်တို့နဲ့ အတူ တွဲဖက် ကစားနေပါတယ်။ အင်္ဂလန်သားဟာ တိုက်စစ် ပို လိုက်နေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာလည်း အရေးပါတဲ့ ဂိုး သွင်းယူခဲ့ပါတယ်။