အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင် မန်ချက်စတာ ယူနိုက်တက် အမှီ ခေါ်ယူခဲ့တဲ့ ကွင်းလယ် ကစားသမား အမရာဘတ်ဟာ နောက်ကျော ဒဏ်ရာ ရှိနေကြောင်း သိရပါတယ်။
အမရာဘတ် နောက်ကျောဒဏ်ရာ ခံစားနေရကြောင်း မန်ချက်စတာ ယူနိုက်တက် ဆေးအဖွဲ့ တွေ့ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ဆေးစစ်မှုကို မီးစိမ်းပြ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အမရာဘတ်ကို တစ်ရာသီ အငှားဖြင့် ခေါ်ယူခြင်းဖြစ်ကာ ရာသီကုန်မှာ အပြီးသတ် လက်မှတ်ထိုးခွင့် ပါဝင်ပါတယ်။ ကစားသမား ရောင်းချမှု မလုပ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်ဟာ အမရာဘတ်ကို ခေါ်ယူနိုင်ရေး ဈေးကွက် နောက်ဆုံးရက်ထိ စောင့်ဆိုင်းခဲ့ရတာပါ။
အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူကိုတော့ ယူနိုက်တက် ညိနှိုင်းရေးဆိုင်ရာ အကြီးအကဲ မက်ဟားဂရေ့ဗ်က ဖီအိုရင်တီးနားထိ သွားရောက် ညိနှိုင်းခဲ့တာ ဖြစ်ပါတယ်။
အီတလီမှာ ဆေးစစ်ခဲ့ဖို့ အချိန်မရတာကြောင့် ထိုစဉ်က မသိခဲ့ဘဲ မန်ချက်စတာ ရောက်ရှိပြီး စစ်ဆေးချိန်ကျမှ ကစားသမားမှာ နောက်ကျော ဒဏ်ရာရှိနေကြောင်း သိခဲ့ရတာပါ။
မိုရိုကို ကစားသမားဟာ မနှစ်က ကာတာ ကမ္ဘာ့ဖလားမှာ နောက်ကျော နာကျင်မှုကြောင့် ဆေးထိုးပြီး ကစားခဲ့ရပါတယ်။
အဲ့ပြဿနာက အခုချိန်ထိ ဆက်ရှိနေဆဲဖြစ်ပြီး အချို့သော ပွဲတွေမှာ ဆေးထိုး ကစားရတာတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ဖျက်ရလောက်အောင် မပြင်းထန်တာမို့ ယူနိုက်တက်က သူ့ကို အငှား ခေါ်ယူမှု အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။
မိုရိုကိုအသင်းနဲ့အတူ နိုင်ငံတကာ သီတင်းပတ်မှာ လက်ရွေးစင်ပွဲ ကစားဦးမယ့် အမရာဘတ်ဟာ ဘရိုက်တန်ပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက်ပေးဖို့ အဆင်ပြေဖွယ် ရှိပါတယ်။