ယူနိုက်တက်ကနေ ထွက်တော့မယ့် ကစားသမားကို ငွေနဲ့ ပေါက် ခေါ်ဖို့ ချယ်ဆီး ပရိသတ်တွေ တောင်းဆိုနေ

နည်းပြ တန်ဟက်ကို ဆိုရှယ်မီဒီယာကနေ ပြန် တုန့်ပြန်မှု ပြုလုပ်ခဲ့တဲ့ ဂျေဒန် ဆန်ချိုဟာ အသင်းကနေ ထုတ်ပယ် ခံရတော့မယ်လို့ သတင်းကြီးနေပြီ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ကစားသမား ဟာ ထရိန်နင်မှာ အသင်းရဲ့ စံသတ်မှတ်ချက် အနေအထားတွေထိ မရောက်နေခဲ့ဘူး ဆိုတဲ့ တန်ဟက် ပြောစကားကို မှားယွင်းတယ် လို့ ပြန် တုန့်ပြန်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၃ နှစ် နွေတုန်းကတော့ ဆန်ချိုဟာ လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန်သားကို ဒေါ့မွန်ထံကနေ ယူရို ၈၅ သန်း ပေးကာ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်မှာ ၃ နှစ်တာလုံး ခြေစွမ်းမပြနိုင်တဲ့ အပြင် ခုလို နည်းပြနဲ့ပါ ပြသနာ ဖြစ်လာတာကြောင့် ဆန်ချို တစ်ယောက် ရှင်းထုတ်ခံရဖွယ် ရှိနေပါပြီ။

ချယ်ဆီး ပရိသတ်တွေကတော့ ခုချိန်ကို အခွင့်ကောင်း ယူပြီး ဆန်ချို အား ခေါ်ယူသင့်ကြောင်း လူမှုကွန်ယက်ကနေ တိုက်တွန်းလာပါတယ်။

” ဆန်ချိုကို ရမယ့် ကိစ္စကြီး ငြင်းမယ် ဆိုရင် ရူးမိုက်ရာ ကျမှာပေါ့ သူက အခုထိ ကမ္ဘာ့ အထူးချွန်ဆုံး တောင်ပံ တိုက်စစ်သမားတွေထဲမှာ ပါပါတယ်။

ခုချိန် ပေါင် သန်း ၄ဝ လောက် သုံး၊ ငွေနဲ့ ပေါက်ပြီး ရအောင် ခေါ်လိုက်စမ်းပါ။ သူ ခြေစွမ်းကောင်းတွေ ပြလာ လိမ့်မယ်၊ သေချာပါတယ်။ သူက ကွာလတီ ကစားသမားပါ၊ ကျွန်တော်တို့ သူ့ကို ခေါ်ဖို့ အားလုံး သဘောတူလာသင့်တယ်။ ” လို့ ချယ်ဆီး ပရိသတ် တစ်ဦးက တွစ်တာကနေ သေချာ တောင်းဆိုထားတာပါ။

ချယ်ဆီးအသင်းဟာ တောင်ပံတိုက်စစ်သမားကောင်းတွေ ခေါ်ယူပေမယ့် အများစုဟာ ပုံမှန် ခြေစွမ်းအောက် ရောက်ကုန်ကြတာ ဖြစ်ပါတယ်။ ဆန်ချို ကတော့ မတူညီတဲ့ ပုံစံနဲ့ လုပ်ပြနိုင်မလားလို့ ချယ်ဆီး ပရိသတ်တွေ အတွေး ရောက်နေပုံပါ။